မတူညီတဲ့ ပတ်ဝန်းကျင်က အသံအမျိုးအစားပေါင်း ၈၅ မျိုးကို ခွဲခြားနိုင်စွမ်း ရှိပါတယ်

Xiaomi ဟာ စမတ်ဖုန်းတင်မဟုတ်ဘဲ စက်ရုပ်နည်းပညာပိုင်းပါ ခြေလှမ်းပြင်လာပါတယ်

ဘေဂျင်းမှာ ကျင်းပသွားတဲ့ ကုမ္ပဏီရဲ့ ဆောင်းဦးပေါက်ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Xiaomi ရဲ့ ပထမဆုံး ဆိုဒ်အပြည့် လူပုံတူ Humanoid စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသသွားပါတယ်။ ဒီစက်ရုပ်ကို Xiaomi CyberOne ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ တခြား Humanoid စက်ရုပ်အများစုအတိုင်းပါပဲ။ Xiaomi CyberOne ရဲ့ အစိတ်အပိုင်းအများစုဟာ တီထွင်ကြံဆဆဲ အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပါတယ်။



CyberOne လူပုံတူ Humanoid စက်ရုပ်ဟာ Xiaomi စက်ရုပ်တီထွင်ရေးဌာန Xiaomi Robot Labs ကနေ ဖန်တီးထားတဲ့ ရှုပ်ထွေးတဲ့ စက်မှုလျှပ်စစ်နည်းပညာနဲ့ ဉာဏ်ရည်တုနည်းပညာတို့ ပေါင်းစပ်ထားတဲ့ စက်ရုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထုတ်ကုန်ဟာ ပထမမျိုးဆက်အဆင့်မှာပဲ ရှိသေးပေမယ့်လည်း CyberOne ဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီဟာ လူအင်အားနဲ့ ငွေကြေးနည်းပညာအရင်းအမြစ်တွေ အမြောက်အများ ပုံအောထားရတာလို့ ဆိုပါတယ်။ 



CyberOne ဟာ တကယ့်လူတစ်ယောက်ရဲ့ အရပ်အမောင်းအတိုင်း ၅ ပေ ၉ လက်မခန့် မြင့်ပြီး ကိုယ်အလေးချိန် ၁၁၅ ပေါင်ကျော် ရှိပါတယ်။ လက်ရှိ Humanoid စက်ရုပ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး လက်တစ်ဖက်တည်းနဲ့ဆို ၁.၅ ကီလိုဂရမ်လေးတဲ့ ပစ္စည်းငယ်တွေ သယ်ယူနိုင်စွမ်းလည်း ရှိပါတယ်။ Xiaomi အင်ဂျင်နီယာတွေဟာ စက်ရုပ်လက်ခြေတွေကို မောင်းတဲ့ မော်တာတွေကို ဂရမ် ၅၀၀ ထက် မပိုအောင် ကန့်သတ်ထားပါတယ်။ 

ပင်မမော်တာကို တင်ပါးဆုံအဆစ်ရှိတဲ့နေရာမှာ တပ်ဆင်ထားပြီး အမြင့်ဆုံး လည်အား 300nm ကျော်အထိ စိုက်ထုတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်မှာ Xiaomi ရဲ့ ကိုယ်ပိုင် Mi-Sense Depth Vision Module နည်းပညာစနစ်လည်း အသုံးပြုသွားမှာ ဖြစ်လို့ CyberOne ဟာ နေရာတွေကို သုံးဘက်မြင် 3D ပုံစံနဲ့ မြင်သိနိုင်မယ်လို့လည်း ပြောပါတယ်။ Mi-Sense Algorithm ရဲ့ အကူအညီနဲ့ စက်ရုပ်ဟာ လူတစ်ဦးချင်းစီကို အမူအရာ ၊ လက်ဟန်ခြေဟန်နဲ့ သူတို့ရဲ့ မျက်နှာပုံစံကအစ ခွဲခြားမှတ်မိနိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။ 

Xiaomi CyberOne မှာ Built-in ပါတဲ့ MiAI ပတ်ဝန်းကျင် အနေအထားမှတ်သိအင်ဂျင်စနစ် နဲ့ MiAI စကားသံအရ ခံစားမှုခွဲခြားတဲ့ အင်ဂျင်စနစ်တွေကြောင့် မတူညီတဲ့ ပတ်ဝန်းကျင်က အသံအမျိုးအစားပေါင်း ၈၅ မျိုးကို ခွဲခြားနိုင်စွမ်း ရှိလာမယ်လို့လည်း သိရပါတယ်။ စက်ရုပ်ရဲ့ ခေါင်းမှာ တပ်ဆင်ထားတဲ့ ကွေးညွတ် OLED Display မျက်နှာပြင်ကနေ အပြန်အလှန်တုံ့ပြန်နိုင်စွမ်းရှိတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို တိုက်ရိုက်ဖော်ပြနိုင်စွမ်းလည်း ရှိဦးမှာ ဖြစ်ပါတယ်။ 


စက်ရုပ်တစ်ရုပ်ကို လူပုံတူလှုပ်ရှားဆောင်ရွက်မှုတွေအတွက် ထုတ်လုပ်ကြံဆရာမှာ ပိုပြီး ရှုပ်ထွေးတဲ့ ဖြေရှင်းစရာတွေ ပေါ်ပေါက်လာဦးမှာပါ။ နာမည်ကျော် Tesla လျှပ်စစ်ကားကုမ္ပဏီသူဌေးကြီး အီလွန်မတ်စ်ကလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ Tesla AI Day ပွဲမှာ Tesla Bot ဆိုတဲ့ နာမည်နဲ့ Humanoid စက်ရုပ်တစ်မျိုးအကြောင်း မိတ်ဆက်ခဲ့ပေမယ့် ပွဲမှာ နမူနာ Demo ပြသခဲ့တာကတော့ လူတစ်ယောက်ကို စက်ရုပ်ပုံစံ ဝတ်ဆင်သရုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။ Tesla ကတော့ ဒီနှစ်အတွင်းမှာကို တကယ်လက်တွေ့ အလုပ်လုပ်နိုင်တဲ့ Prototype မော်ဒယ် Tesla Bot စက်ရုပ်ကို မိတ်ဆက်သွားမယ်လို့ ကြေညာထားတာပါ။ 

အလွန်ရှုပ်ထွေးလှတဲ့ နည်းပညာစိန်ခေါ်ချက်တွေကြောင့် CyberOne စီမံကိန်းဟာ Xiaomi အတွက် ရှေ့တောက်လျှောက် နှစ်အတော်ကြာ တိုးတက်ဖွံ့ဖြိုးမှုလုပ်ရမယ့် စီမံကိန်းတစ်ခုဖြစ်လာဖို့ ရှိပါတယ်။ Xiaomi CyberOne လူပုံတူစက်ရုပ်ဟာ Xiaomi ရဲ့ ဒုတိယမြောက် စက်ရုပ်ထုတ်ကုန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဆောင်းဦးပေါက် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Xiaomi ဟာ Xiaomi Cyberdog နာမည်နဲ့ ခွေးစက်ရုပ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ 

Cyberdog ခွေးစက်ရုပ်မှာ အထိအတွေ့နဲ့ အသံလှိုင်းထောက်လှမ်းရေးစနစ် ၊ ပတ်ဝန်းကျင်ကို ချိတ်ဆက်နိုင်မယ့် ကင်မရာနဲ့ GPS တည်နေရာပြနည်းပညာ စတဲ့ အာရုံခံ Sensor ၁၁ ခု တပ်ဆင်ထားပြီး ပိုင်ရှင်ရဲ့ နောက်ကို တကောက်ကောက်လိုက်နိုင်အောင် တီထွင်ထားပါတယ်။ CyberDog ဟာ လူတွေရဲ့ မျက်နှာနဲ့ အမူအရာတွေကိုလည်း ခွဲခြားသိနိုင်ပြီး လူအုပ်ကြီးထဲကနေ တစ်ယောက်ချင်းကို ခွဲထုတ် သိရှိနိုင်စွမ်းလည်း ရှိတယ်လို့ ဆိုပါတယ်။ တစ်စက္ကန့်ကို ၁၀ ပေခွဲနှုန်းနဲ့ ပြေးနိုင်ပြီး အလေးချိန် ၆ ပေါင်ရှိတဲ့ ပစ္စည်းကို သယ်ယူနိုင်မယ်လို့ ကြေညာခဲ့တာပါ။ 



နောင်အနာဂါတ်မှာ စက်ရုပ်တွေရဲ့ ဆင့်ကဲပြောင်းလဲလာတဲ့ ဗားရှင်းမျိုးကွဲတွေဟာ ခံစားမှုသိ ဉာဏ်ရည်မြင့်လာရုံတင်မဟုတ်ဘဲ လူသားတွေရဲ့ စိတ်ခံစားချက်ကိုပါ နားလည်လာနိုင်စွမ်း ရှိလာမယ်လို့ Xiaomi က ပြောကြားထားပါတယ်။ Xiaomi ရဲ့ ၂၀၂၂ ဆောင်းဦးပေါက် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ မိတ်ဆက်သွားတဲ့ ပထမမျိုးဆက် CyberOne ဟာ စင်ပေါ်မှာ သရုပ်ပြသမှုလုပ်နေချိန်မှာ လမ်းလျှောက်ဖို့ အခက်အခဲတွေ့နေပုံရပြီး ခြေနှစ်ဖက်နဲ့ ရွေ့လျားမှုပုံစံကို ပိုကျင်လည်အောင် ထပ်မံမွမ်းမံအဆင့်မြှင့်တင်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က