နာမည်ကျော်လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
အိန္ဒိယဈေးကွက်ထဲ နှစ်ပေါင်းများစွာ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ Tesla ဟာ အစိုးရနဲ့ ညှိနှိုင်းမှုအဆင်မပြေဖြစ်တာကြောင့် ဒီနှစ်ဆန်းပိုင်းမှာပဲ ဈေးကွက်ထဲဝင်ဖို့ကိစ္စကို ရပ်ဆိုင်းလိုက်ပြီး အရှေ့တောင်အာရှဈေးကွက်တစ်ခုဖြစ်တဲ့ ထိုင်းဈေးကွက်ထဲ ဝင်ရောက်တော့မှာပါ။ Electrek ဝက်ဘ်ဆိုက်ရဲ့သတင်းအရ Tesla ကားကုမ္ပဏီဟာ ထိုင်းနိုင်ငံအတွင်း လျှပ်စစ်ကားရောင်းချဖို့အတွက် လုပ်ငန်းမှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။
မကြာခင် ထိုင်းဈေးကွက်ထဲ Tesla ကားတွေ ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပြီး ဘန်ကောက်မြို့မှာ Tesla Center သစ် ဖွင့်ပြီး ဝန်ထမ်းတွေလည်း ခေါ်ယူသွားဖို့ ပြင်ဆင်လာနေပါတယ်။ အလုပ်နေရာ ၁၆ နေရာ ခေါ်ယူသွားမှာ ဖြစ်ပြီး ဝန်ဆောင်မှုအကြံပေးကနေ မော်တော်ယာဉ် Technicians ၊ ဖောက်သည်ဝန်ဆောင်မှုကနေ စတိုးမန်နေဂျာအထိ အလုပ်အကိုင်သစ်တွေ ပါဝင်မှာပါ။ နောက်ထပ်လည်း စီမံခန့်ခွဲမှုရေးရာ အလုပ်နေရာသစ်တွေ ထပ်ခေါ်သွားမယ်လို့လည်း မျှော်လင့်ရပါတယ်။
လောလောဆယ် Tesla ရဲ့ SuperCharger Map အရ ထိုင်းနိုင်ငံအတွင်းမှာ Tesla အနေနဲ့ အားသွင်းရုံတွေ တည်ဆောက်ဖို့ စီစဉ်ထားတာ ပြမထားပါဘူး။ ဒါပေမယ့်လည်း ဝန်ထမ်းသစ်ခေါ်ယူမှုနဲ့အတူ ထိုင်းနိုင်ငံအတွင်းမှာ SuperCharger လျှပ်စစ်ကားအားသွင်းရုံတွေ တည်ဆောက်သွားဖို့လည်း ရှိပါတယ်။ လုပ်ငန်းမှတ်ပုံတင်တာ ၊ ဝန်ထမ်းသစ်ခေါ်ယူတာတွေအရတော့ Tesla ဟာ ထိုင်းဈေးကွက်ထဲ တရားဝင်လျှပ်စစ်ကားတွေ မကြာခင် ဖြန့်ချိမယ်လို့ ယူဆရပါတယ်။
Tesla ကားကုမ္ပဏီသာ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဈေးကွက်ထဲ Tesla ကားတွေ တရားဝင်ဖြန့်ချိတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။ တရားဝင် ဈေးကွက်ဝင်ရောက်ခြင်း မရှိသေးပေမယ့် ထိုင်းနိုင်ငံထဲမှာ Tesla ကားတွေ အတော်လေး အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ ဒီကားတွေကိုလည်း ပိုင်ရှင်တွေကနေပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်သွင်းနေကြတာ ဖြစ်ပြီး Tesla ကား ဝယ်ချင်သူအများစုဟာ ယာဉ်တင်သွင်းမှုအခက်အခဲကြောင့် မဝယ်ဖြစ်ကြတာကလည်း ထိုင်းဈေးကွက်ထဲ ဝင်ဖို့ Tesla ကို မျက်စိကျစေတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကတည်းက ရဲတပ်ဖွဲ့ဟာ ကင်းလှည့်ဖို့ Tesla Model 3 ကားတွေ ဝယ်ယူထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အာရှရဲ့ စတုတ္ထအကြီးဆုံးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးလုပ်ရာ နိုင်ငံဖြစ်ပြီး Toyota နဲ့ Honda လို ကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေလည်း တည်ရှိပါတယ်။ ထိုင်းနိုင်ငံကနေ တစ်နှစ်ကို ယာဉ် ၁.၅ သန်းကနေ ၂ သန်းအထိ ထုတ်လုပ်ပြီး ဒီထဲက ထက်ဝက်ခန့်ကို ပြည်ပတင်ပို့မှုလုပ်ပါတယ်။ Tesla အနေနဲ့ ထိုင်းနိုင်ငံမှာ စက်ရုံတည်ပြီး ကားထုတ်လုပ်ဖို့တော့ အစီအစဉ်မရှိနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
ထိုင်းကားဈေးကွက်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကားအစီးရေ ၇ သိန်းခွဲကျော် ရောင်းချနိုင်ခဲ့ပြီး ဒီနှစ်ထဲမှာ ကားအစီရေ ၈ သိန်းနဲ့ ၉ သိန်းအကြားအထိ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း ၂၀၃၀ အရောက်မှာ တစ်နှစ်ကို လျှပ်စစ်ယာဉ် EVs ၇ သိန်း ၂ သောင်းခွဲရောင်းချရဖို့ ပစ်မှတ်ထားနေပြီး စုစုပေါင်း ယာဉ်ထုတ်လုပ်မှုရဲ့၃၀% ရောက်လာမယ်လို့ ရည်မှန်းထားပါတယ်။
တရုတ်ကားကုမ္ပဏီတွေလည်း ထိုင်းဈေးကွက်ထဲ EVs တွေကို ဈေးသင့်တင့်နဲ့ ရောင်းချနေပါတယ်။ Great Wall Motors ကုမ္ပဏီဟာ ကားပြပွဲမှာ ထိုင်းဘတ် ၈၂၈၅၀၀ (မြန်မာငွေ သိန်း ၄၈၀ ခန့်) တန် ORA Good Cat မော်ဒယ်ကို မိတ်ဆက်ပြသခဲ့ပြီး ၂၀၂၄ မှာ ထိုင်းနိုင်ငံထဲ ထုတ်လုပ်သွားဖို့ပါ စီစဉ်ထားပါတယ်။ တရုတ်ကားကုမ္ပဏီ Hozon Auto ကလည်း ပြီးခဲ့တဲ့လထဲမှာ ဘတ် ၅၄၉၀၀၀ (မြန်မာငွေ ၃၁၅ သိန်းခန့်) တန် NETA V ယာဉ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။
စွမ်းအင်လောင်စာဆီဈေး မြင့်တက်လာမှုနဲ့ လျှပ်စစ်ယာဉ် EVs ရောင်းချမှုကို အားပေးနေတဲ့ အစိုးရကြောင့် Tesla ကားတွေသာ ထိုင်းဈေးကွက်ထဲ ဝင်မယ်ဆိုရင် ဝယ်လိုအားမြင့်တက်လာဖို့ ရှိပါတယ်။