အီလွန်မတ်စ်ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ကနေ အမိုက်စား High-End ဖုန်း ထုတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
တရုတ်ဝက်ဘ်ဆိုက် MyDrivers ရဲ့ အဆိုအရ Tesla ထုတ် ဖုန်းကို Tesla Model Pi လို့ နာမည်ပေးသွားမယ်လို့ ဆိုပါတယ်။ Tesla Model Pi ရဲ့ ဒီဇိုင်းနဲ့ ပါဝင်ဖွယ်ရှိတဲ့ Features တွေအကြောင်းတောင် သတင်းတွေက တော်တော်လေး တိတိကျကျ ဖော်ပြလာတာ ရှိပါတယ်။
Photo: gulfnews
Tesla Model Pi စမတ်ဖုန်းဒီဇိုင်းထုတ်တဲ့ ဒီဇိုင်နာ အန်တိုနီယို ဒီရော့ဆာဟာ Apple ထုတ်ကုန်တွေအတွက် စိတ်လှုပ်ရှားစရာ concepts ဒီဇိုင်းတွေ ဖန်တီးခဲ့တဲ့ ပညာရှင်တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ Tesla နဲ့ Starlink SpaceX ကုမ္ပဏီတို့ကို ဂုဏ်ပြုပြီး ထုတ်လုပ်သွားမှာပါ။ Gadget ဈေးကွက်သုတေသီအတော်များများက Tesla Model Pi ဟာ iPhone 12 နဲ့ ဆင်ပြီး စတုရန်းပုံဖရိမ်ကွက်ထဲမှာ ကင်မရာလေးလုံး ထည့်သုံးသွားမယ်လို့ ဆိုပါတယ်။
စမတ်ဖုန်းကိုယ်ထည်ကို တိုက်ရိုက်နေရောင်အောက် ကာလာမျိုးစုံ ဖြာထွက်နိုင်တဲ့ Photochromic Coating သုတ်ထားဖို့ရှိပါတယ်။ Renders တွေမှာ ရှေ့ကင်မရာကို မတွေ့ရတာကြောင့် ဆယ်လ်ဖီကင်မရာကို မှန်ပြင်အောက်ထည့်သွင်းထားမယ်လို့လည်း ယူဆရပါတယ်။ ဒီဖုန်းမှာ နေစွမ်းအင်နဲ့ အားသွင်းနိုင်ဖို့ Solar Panel တစ်ခုလည်း ပါနိုင်တယ်ဆိုပြီး သတင်းထွက်နေပါတယ်။
Renders ပုံတွေအရ ကျောဘက်မှာ Tesla ရဲ့ လိုဂိုနဲ့ မော်ဒယ်နာမည် ထွင်းထားထားတာ တွေ့ရပါတယ်။ Tesla Model Pi ဟာ Tesla ရဲ့ ခေတ်မီနည်းပညာသစ်တွေ သုံးလာမယ့်ဖုန်းအဖြစ်လည်း မြင်ရဖို့ ရှိပါတယ်။ ဒီဖုန်းမှာ Starlink ဂြိုလ်တုအင်တာနက် Support ပေးထားဖို့ ရှိပြီး Download Speed အနေနဲ့ တစ်စက္ကန့် 210Mbps နှုန်းအထိ သုံးနိုင်ဖို့ ရှိပါတယ်။ နောက်ထပ် Support ပေးသွားမယ့် feature တစ်ခုက ဦးနှောက်ထဲက အချက်အလက်တွေကို ဖက်ရှုနိုင်မယ့် Neuralink Technology ဖြစ်ပါတယ်။
Photo: gulfnews
Cryptocurrency စိတ်ဝင်စားတဲ့ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီက ထုတ်တဲ့ဖုန်းဖြစ်လို့ Marscoin Cryptocurrency ထုတ်ရာမှာလည်း သုံးနိုင်အောင် ဒီဇိုင်းထုတ်လာဖို့ ရှိပါတယ်။ တခြား Tesla ထုတ်ကုန်တွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းပါ မြင်ရနိုင်ပါတယ်။ Tesla ထုတ် စမတ်ဖုန်းဟာ 4K Dsiplay ၊ Snapdragon 898 SoC နဲ့ 2TB storage တွေ ပါမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
လောလောဆယ် ဒီအချက်အလက်အားလုံးဟာ ထင်ကြေးနဲ့ ကောလာဟာလတွေ ဖြစ်နိုင်ပါတယ်။ Tesla ဘက်ကလည်း ဖုန်းထုတ်မယ့်အကြောင်း မပြောသေးပါဘူး။ တကယ်လို့ Tesla သာ အခုပြောမယ့် Features တွေ ပါဝင်တဲ့ ဖုန်းမျိုး ထုတ်မယ်ဆိုရင် စမတ်ဖုန်းလောကအတွက် ဂယက်ကြီးတစ်ခု ဖြစ်သွားနိုင်မှာ အသေအချာပါပဲ။