Bluetooth အားနည်းချက်ကနေ ဝင်ရောက်တာပါ

နာမည်ကျော် Tesla ကားစနစ်ထဲ ရိုးရိုးလေးနဲ့ ခိုးဝင်လို့ရမယ့် နည်းလမ်းအကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုက တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ 

Tesla ကားတွေရဲ့ လုံခြုံရေးအားနည်းချက်ထဲ ဝင်ရောက်ပြီး ကားခိုးပြေးနိုင်မယ့် နည်းလမ်းကို ယူကေအခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ NCC Group က တွေ့ခဲ့တာ ဖြစ်ပါတယ်။NCC Group ဟာ Tesla အပါအဝင် ကားအများအပြားမှာ သုံးနေတဲ့ Bluetooth Low Energy (BLE) ထဲက လုံခြုံရေးအားနည်းချက်တွေကို တွေ့ခဲ့တာ ဖြစ်တယ်လို့ Business Insider သတင်းက ဖော်ပြပါတယ်။ 




BLE ထဲက လုံခြုံရေးအားနည်းချက်ကို သုံးပြီး ဟက်ကာတွေဟာ ကားနဲ့ မနီးမဝေးမှာ ပိုင်ရှင်ရှိနေတာကို ထောက်လှမ်းသိရှိနိုင်ပြီး သော့လှည့်စရာမလိုဘဲ ကားမောင်းသွားနိုင်မယ်လို့ NCC Group က ဆိုပါတယ်။ သတ်မှတ်အကွာအဝေးအတွင်း ပိုင်ရှင်ရောက်လာတာနဲ့ Log In ဝင်နိုင်မယ့် ဒီ BLE နည်းပညာကို လုံခြုံရေးတံခါးတွေ ၊ မော်တော်ယာဉ် ၊ လက်ပ်တော့နဲ့ တခြား ထုတ်ကုန်တွေကို သုံးတာဟာ ဆိုက်ဘာတိုက်ခိုက်ခံရနိုင်ခြေ များတယ်လို့လည်း NCC Group လုံခြုံရေးသုတေသီတွေက ပြောပါတယ်။ 

"ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရ ကား ၊ အိမ်နဲ့ ကိုယ်ရေးအချက်အလက်တွေ ကာကွယ်ဖို့ လူတွေ သုံးနေတဲ့ စနစ်တွေဟာ နောက်ဆုံးပေါ်နည်းပညာထုတ်ကုန်တွေ မလိုဘဲ အလွယ်တကူဝင်ရောက်နိုင်တဲ့ Bluetooth ချိတ်ဆက်ပြီး သုံးစွဲသူဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းလမ်းတွေ သုံးနေတယ်လို့ ဖော်ပြထားကြပါတယ်။" ဆိုပြီး NCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Tesla ကားပိုင်ရှင်တွေဟာ ကားကုမ္ပဏီက ထုတ်တဲ့ App ကို ဖုန်းထဲမှာ ဒေါင်းလုပ်ဆွဲပြီး ကားသော့အဖြစ် သုံးနေကြပြီး ဒီအချက်ကလည်း Tesla ကားတချို့ကို ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စေနိုင်တဲ့ အချက်လို့ NCC Group က ဆိုပါတယ်။ NCC က သုတေသီတွေဟာ ၂၀၂၀ ထုတ် Tesla Model 3 ကားကို BLE အားနည်းချက်အတိုင်း ဝင်ပြီး လော့ခ်ချထားတဲ့ ကားကို ဖွင့်ပြခဲ့ပါတယ်။ ဒီလို Hack ပြရာမှာ ပိုင်ရှင်ရဲ့ ဖုန်းက ကားနဲ့ Bluetooth ချိတ်နိုင်တဲ့ အကွာအဝေးအလွန်မှာ ရှိနေတာတောင် အနားမှာ ရှိသယောင်ပုံစံနဲ့ Tesla လုံခြုံရေး စနစ်ကို လှည့်စားခဲ့တာပါ။ 

စမ်းသပ်ပြီး Hack ပြချိန်မှာ ကားပိုင်ရှင်ရဲ့ ဖုန်းဟာ ကားနဲ့ ၂၅ မီတာ (၈၂ ပေကျော်) အကွာအဝေးမှာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သုတေသီတွေကတော့ Model Y ကားတွေလည်း အလားတူ တိုက်ခိုက်မှု လုပ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ NCC Group အနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်ကို Tesla လုံခြုံရေးအဖွဲ့ထံ အသိပေးတင်ပြခဲ့ပြီး ကားကုမ္ပဏီအနေနဲ့လည်း ဒီပြဿနာကို သိရှိထားကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က