Bitcoin မှာ ဘီလျံနဲ့ချီ ရင်းနှီးမြှပ်နှံမှုလုပ်ခဲ့တဲ့ Tesla ကားကုမ္ပဏီဟာ ကုမ္ပဏီပိုင် Bitcoin အများစုကို ရောင်းချမှုလုပ်လိုက်ပြီ ဖြစ်ပါတယ်။
လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ Bitcoin ပိုင်ဆိုင်မှုရဲ့ ၇၅% ကို ရောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။ အခုဆို Tesla ကုမ္ပဏီမှာ Bitcoin ရောင်းရငွေ ဒေါ်လာ ၉၃၆ သန်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းက Bitcoin ဈေးနဲ့ဆိုရင် ဒေါ်လာ ၂ ဘီလျံဖိုးခန့် တန်တဲ့ Bitcoin တွေ ရောင်းချခဲ့တာပါ။ ဒီနှစ်ထဲမှာတော့ Bitcoin ဈေးဟာ ၅၀% ကျော် ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ထဲမှာ Tesla ဟာ Bitcoin အတွက် ဒေါ်လာ ၁.၅ ဘီလျံဖိုး ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့ပြီး ကားဝယ်ရင်လည်း Bitcoin နဲ့ ငွေချေနိုင်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ Bitcoin နဲ့ ငွေပေးချေမှု စတင်လက်ခံခဲ့တဲ့ Tesla ဟာ ၄၉ ရက်ခန့်အကြာ မေလထဲမှာ Bitcoin ငွေချေမှုကို လက်မခံတော့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ပိုဆိုးအောင် လုပ်ပေးနေသလို ဖြစ်တယ်ဆိုပြီး Bitcoin ငွေချေမှုကို ရပ်ဆိုင်းခဲ့တာလို့ ကုမ္ပဏီ CEO အီလွန်မတ်စ်က Twitter မှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေါ်လာ ၇၀၀၀၀ နီးပါး ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Bitcoin ဈေးဟာ ဒေါ်လာ ၂၃၀၀၀ ဝန်းကျင်ဈေး ရောက်နေပါတယ်။