Huawei HarmonyOS စနစ်သုံး ပထမဆုံးတရုတ်လျှပ်စစ်ကား Aito M5 ဟာ Tesla ထုတ် Model Y ထက် အပြတ်သာမယ်လို့ Huawei CEO က ဆိုပါတယ်။
တရုတ်လျှပ်စစ်ကားကုမ္ပဏီ Nio ကနေ Tesla ကားကုမ္ပဏီကို ယှဉ်ပြိုင်သွားမယ့်ကားသစ် ကြေညာပြီး တစ်ပတ်အတွင်းမှာ Huawei က Tesla Model Y ထက် သာလွန်တယ်လို့ ဆိုတဲ့ Aito M5 ကားရဲ့ Specs တွေ ချပြလိုက်တာ ဖြစ်ပါတယ်။ တယ်လီကွန်းနဲ့ စမတ်ဖုန်း ထုတ်ကုန်တွေနဲ့ လူသိများတဲ့ တရုတ်နည်းပညာကုမ္ပဏီ Huawei ဟာ ကိုယ်ပိုင်ကား ထုတ်တာမျိုး မလုပ်ဘဲ ကားကုမ္ပဏီတွေအတွက် မောင်းသူမဲ့နည်းပညာလိုမျိုး ယာဉ်ပိုင်းဆိုင်ရာနည်းပညာတွေ ဖန်တီးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Photo: Gizmochina
CNBC သတင်းအရ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျင်းပသွားတဲ့ Huawei ရဲ့ ဆောင်းတွင်း ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Huawei စားသုံးသူရေးရာ စီးပွားရေးအဖွဲ့အမှုဆောင် ဒါရိုက်တာနဲ့ CEO ရစ်ချတ်ယုဟာ ကုမ္ပဏီရဲ့ HarmonyOS စနစ်သုံး ပထမဆုံးတရုတ်လျှပ်စစ်ကား Aito M5 အကြောင်း ရှင်းလင်းတင်ဆက်ခဲ့ပါတယ်။ Aito M5 ဟာ လောင်စာနဲ့ လျှပ်စစ်နှစ်မျိုးစလုံး သုံးနိုင်တဲ့ ကားဖြစ်ပြီး လာမယ့်နှစ် တရုတ်နှစ်သစ်ကူးနေ့အပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ဝန်းကျင်မှာ စတင်တင်ပို့သွားဖို့ရှိတယ်လို့ ရစ်ချတ်ယုက ဆိုပါတယ်။
Huawei ရဲ့ Intelligent Automotive Business Solutions ဌာန အမှုဆောင်အရာရှိချုပ်တစ်ဦးလည်း ဖြစ်တဲ့ ရစ်ချတ်ယုရဲ့အဆိုအရ Aito M5 တစ်စီးကို အပြီးအစီး ယွမ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၇၀၀ ခန့်) ကျသင့်မှာ ဖြစ်ပြီး ၂၈၀၇၅၂ ယွမ် (မြန်မာငွေ သိန်း ၇၈၀ ကျော်) ကျတဲ့ Tesla Model Y ထက် ဈေးသက်သာမယ်လို့လည်း ပြောပါတယ်။ ရစ်ချတ်ယုရဲ့အဆိုအရ Aito M5 ဟာ Model Y ထက် ပါဝါနဲ့ မောင်းနှင်နိုင်မယ့်နှုန်း ပိုသာမယ်လို့ ဆိုပါတယ်။
Photo: Gizmochina
Aito ဆိုတာ "Adding Intelligence To Auto" မော်တော်ယာဉ်ပိုင်းမှာ Intelligence ပါဝင်လာမှုကို ဆိုတာပါ။ Aito M5 ဟာ Aito Brand အောက် ပထမဆုံး ထွက်လာတဲ့ မော်ဒယ်ဖြစ်ပြီး Huawei Operating System သုံး ပထမဆုံး ကားလည်း ဖြစ်ပါတယ်။ ဒီ Brand သစ်ဟာ ကားထုတ်လုပ်တဲ့ Seres လုပ်ငန်းကနေ ထုတ်လိုက်တာပါ။ SF Motors လို့လည်း လူသိများတဲ့ Seres ထုတ် Aito M5 ကို Huawei ကနေပဲ ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပြီး တရုတ်နဲ့ အမေရိကန် စတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးနှစ်ခုမှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Aito M5 ကားနဲ့အတူ HarmonyOS ထည့်သွင်းတပ်ဆင်နိုင်မှုဟာ Huawei အတွက်ရော Series အတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။ ရစ်ချတ်ယုကတော့ Huawei စမတ်နာရီတွေထဲက တစ်မျိုးဟာ Aito M5 အတွက် Car Key တစ်ခုလို အသုံးပြုနိုင်မယ်လို့လည်း ပြောထားပါတယ်။