လျှပ်စစ်ကားလောကထဲ ရောက်လာတဲ့ Huawei ရဲ့ နည်းပညာသုံး ပထမဆုံးကားကို တရုတ်ဈေးကွက်မှာ ဖြန့်ဖြူးနေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ Huawei က HarmonyOS စနစ်သုံး ပထမဆုံးလျှပ်စစ်ကား Aito M5 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် Operating System သုံး ပထမဆုံး လျှပ်စစ်ကားကို SF Motors လို့ လူသိများတဲ့ Seres တို့ ပေါင်းပြီး ထုတ်လုပ်လိုက်တာပါ။
ကယ်လီဖိုးနီးယားအခြေစိုက် လျှပ်စစ်ယာဉ်နဲ့ ကားအစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ SF Motors ရဲ့ ထုတ်ကုန်ကိုမှ Huawei က ဖန်တီးထားတဲ့ DriveOne လျှပ်စစ်မောင်းနှင်မှုစနစ်နဲ့ စမတ်ယာဉ်ထိန်းချုပ်ခန်းစနစ်တွေ သုံးထားတာပါ။ Aito M5 ဟာ လျှပ်စစ်ရော လောင်စာဆီ စနစ်ပါ နှစ်မျိုးစလုံး သုံးထားတဲ့ ကားဖြစ်ပြီး 1.5t ဆလင်ဒါလေးလုံး အင်ဂျင်နဲ့လာပါတယ်။ အားတစ်ခါအပြည့်သွင်းထားတာနဲ့ ကီလိုမီတာ ၁၀၀၀ (မိုင်ပေါင်း ၆၂၀ ကျော်) မောင်းနိုင်မယ်လို့ ဆိုပါတယ်။
Tesla Model Y ထက် သာတယ်ဆိုပြီး ကြေညာခဲ့တဲ့ Aito M5 ကို Standard ဗားရှင်း ယွမ် ၂၄၉၈၀၀ (မြန်မာငွေ သိန်း ၇၀၀ ကျော်) ၊ Four-Wheel Performance ဗားရှင်းကို ယွမ် ၂၇၉၈၀၀ (မြန်မာငွေ သိန်း ၇၈၀ ကျော်) နဲ့ Flagship ဗားရှင်းကို ယွမ် ၃၁၉၈၀၀ (မြန်မာငွေ သိန်း ၉၀၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာဖြစ်ပြီး လောလောဆယ် တရုတ်သီးသန့်ဈေးကွက်ပဲ ဖြန့်ချိသွားမှာပါ။