Tesla ဘက်က မှတ်ချက်မပေးသေးပါဘူး

အမေရိကန်ရင်းနှီးမြှပ်နှံမှုဘဏ်လုပ်ငန်းတစ်ခုဖြစ်တဲ့ JPMorgan ဟာ Tesla ကို တရားစွဲလိုက်ပါတယ်။ 

ဒီတရားစွဲမှုဟာ ၂၀၁၄ ခုနှစ်က စတော့ခ်အာမခံသဘောတူညီချက်တစ်ခုနဲ့ ပတ်သက်နေပါတယ်။ Tesla ရှယ်ယာဈေး ထိုးတက်ပြီးနောက် စတော့အာမခံစာချုပ်အရ သဘောတူညီမှုကို ကုမ္ပဏီဘက်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်ဆိုပြီး JPMorgan က စွပ်စွဲခဲ့တာပါ။ ဒီလို စတော့အာမခံစာချုပ်ချိုးဖောက်မှုကြောင့် Tesla ဆီက ဒေါ်လာ ၁၆၂.၂ သန်း ရလိုကြောင်းပါ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ 



Photo: timesofindia


မက်ဟန်တန်ဖက်ဒရယ်တရားရုံးမှာ တင်သွင်းတဲ့ တရားစွဲဆိုချက်အရ Tesla ဟာ ၂၀၁၄ ခုနှစ်မှာ JPMorgan ကို အာမခံတွေ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ Stock Warrant အရ ဝယ်လက်ဖြစ်တဲ့ JPMorgan အနေနဲ့ Tesla ရှယ်ယာကို သတ်မှတ်ရက်အတွင်း သတ်မှတ်‌ဈေးနဲ့ ဝယ်ယူခွင့်ရှိမှာပါ။ ၂၀၁၄ က Tesla ဆီက JPMorgan ဝယ်ထားတဲ့ အာမခံဟာ ၂၀၂၁ ဇွန်နဲ့ ဇူလိုင်လတွေမှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ 

သက်တမ်းမကုန်ခင် ကနဦးက ကုမ္ပဏီနှစ်ခုဟာ သတ်မှတ်ဈေး ၅၆၀.၆၃၈၈ ဒေါ်လာ ထားဖို့ သဘောတူညီခဲ့ကြတာပါ။ တကယ်လို့ အာမခံသက်တမ်းကုန်ပြီး Tesla ရှယ်ယာပေါက်ဈေးက သတ်မှတ်ဈေးထက် နည်းနေရင် ဘယ်ကုမ္ပဏီမှ တစ်ဖက်ဖက်ကို ပေးစရာမရှိ ကိစ္စပြတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Tesla စတော့ခ်ဈေးက စတော့ခ်အာမခံသက်တမ်း ကုန်ဆုံးချိန်မှာ ရှယ်ယာဈေးတက်ခဲ့မယ်ဆိုရင် မတ်စ်ရဲ့ ကုမ္ပဏီဟာ ဈေးကွာဟချက်နဲ့အညီ စတော့တွေ ခွဲပေးမယ်လို့ JPMorgan က ယူဆခဲ့တာပါ။ 

အာမခံကုန်ဆုံးချိန်မှာ Tesla ရှယ်ယာဈေး ထိုးတက်နေတာ ဖြစ်လို့ JPMorgan ဘက်က စာချုပ်အရ Tesla ဘက်က စတော့ခ် ဒါမှမဟုတ် ငွေသား ပေးဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ချိုးဖောက်တာကြောင့် အတိုးနှုန်းအပါအဝင် ရှေ့နေစရိတ်နဲ့ ကုန်ကျသမျှ ဒေါ်လာ ၁၆၂ သန်းကျော်ကို Tesla ဘက်က ပေးဖို့ JPMorgan က တရားရုံးမှာ လျှောက်ထားခဲ့တာတာလည်း ဖြစ်ပါတယ်။ Tesla ဘက်က ဒီအမှုအကြောင်း မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ 

Photo: bestgamingpro


၂၀၁၈ မှာ အီလွန်မတ်စ်ဟာ ရှယ်ယာ ၄၂၀ ဒေါ်လာဈေးနဲ့ ကုမ္ပဏီကို Private ပြောင်းဖို့ စဉ်းစားနေတယ်ဆိုပြီး Tweet တင်ခဲ့တာကြောင့် ရှယ်ယာဈေး အပြောင်းအလဲတွေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်တော့ Tesla ဘက်က ကုမ္ပဏီကို ပုဂ္ဂလိကပိုင်ပြောင်းမယ့်အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ မတ်စ်လလည်း အာမခံချေးငွေနဲ့ သက်သေခံလက်မှတ်လုပ်ငန်း SEC က ငွေချေးစာချုပ်ချိုးဖောက်မှုနဲ့ တရားစွဲခဲ့ပြီး Tesla ကုမ္ပဏီနဲ့ မတ်စ်တို့ဘက်က အမှုပြေလည်ဖို့ ဒေါ်လာသန်း ၂၀ စီ ပေးခဲ့ရဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က