Autopilot Vision ဌာနကို ၅ နှစ်ကြာ ဦးဆောင်ခဲ့သူပါ

Tesla ကားကုမ္ပဏီရဲ့ AutoPilot မောင်းနှင်မှုဖွံ့ဖြိုးရေးမှာ အဓိကကျခဲ့တဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးဟာ အလုပ်က နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း Twitter ပေါ်မျာ ကြေညာလိုက်ပါတယ်။ 

Deep Learning နဲ့ Computer Vision ပိုင်းဆိုင်ရာ ပညာရှင်တစ်ဦး ဖြစ်တဲ့ အန်ဒရက် ကာပါတီဟာ Tesla ရဲ့ AI ညွှန်ကြားရေးမှူးတစ်ဦးဖြစ်ပြီး Autopilot Vision ဌာနကို ၅ နှစ်ကြာ ဦးဆောင်ခဲ့ပြီးနောက် ကုမ္ပဏီကနေ တရားဝင် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ၄ လကြာ ခွင့်နဲ့ပျက်ကွက်ခဲ့ပြီးနောက် ကာပါတီအနေနဲ့ ရုံးပြန်တက်မယ် မတက်ဘူး သို့လောသို့လော သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ 





ဗုဒ္ဓဟူးနေ့က သူ့ရဲ့ Tweet ထဲမှာ "ပြီးခဲ့တဲ့ ၅ နှစ်ကျော်အတွင်း Tesla ကို ရည်မှန်းချက်တွေဆီ အရောက် ပို့နိုင်ခဲ့တာ ဝမ်းမြောက်ရကြောင်းနဲ့ အလုပ်ထွက်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း" ပြောထားသလို Autopilot စနစ်ဟာလည်း သတ်မှတ်လမ်းသွယ်လေးတွေကနေ မြို့တော်ရဲ့ လမ်းမကြီးတွေပေါ် ရောက်လာခဲ့ပြီး ရှေ့ကိုလည်း Autopilot ဌာနဟာ ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ကြောင်းပါ ရေးထားပါတယ်။ 

ရှေ့ကို ဘာဆက်လုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကာပါတီအနေနဲ့ ခိုင်မာတဲ့ အစီအစဉ်တွေ မရှိသေးဘဲ AI နည်းပညာ ၊ Open Source နဲ့ ပညာရေးဆိုင်ရာ နည်းပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ရေရှည်ဆက်လုပ်ချင်တာလေးတွေကို ပြန်လုပ်ဖို့ အချိန်ပိုယူဖြစ်မယ်လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှာ Tesla ကို ရောက်လာတဲ့ သူဟာ ဒီအရင်က အီလွန်မတ်စ်တည်ထောင်ထားတဲ့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OpenAI မှာ သုတေသနပညာရှင်အဖြစ် အလုပ်လုပ်ခဲ့တာပါ။ 



ကာပါတီဟာ AI နဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ အတွေ့အကြုံကြွယ်ဝသူဖြစ်သလို စတန်းဒ်ဖို့တက္ကသိုလ်မှာ သင်နေတဲ့ လူလေးစားခံရဆုံး Deep Learning Courses တစ်ခုကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ Tesla လျှပ်စစ်ကားကုမ္ပဏီမှာ Autopilot အဆင့်မြင့် ယာဉ်မောင်းအကူစနစ်ကို ပံ့ပိုးပေးမယ့် ကွန်ပျူတာအမြင်အာရုံစနစ်ကို အဓိကတည်ဆောက်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ ကာပါတီ နှုတ်ထွက်တဲ့သတင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက Tesla Autopilot ဌာနဝန်ထမ်း ၂၀၀ ခန့် အလုပ်ဖြုတ်ခံရတဲ့ သတင်းထွက်ပေါ်လာပြီးမှ ကြားသိလာရတာ ဖြစ်ပါတယ်။ 

Tesla ဟာ လခစားဝန်ထမ်းအင်အားရဲ့ ၁၀% ခန့်အထိ လူလျှော့ဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က