ပြီးခဲ့တဲ့နှစ်က အကသမားငှားပြီး ပုံတူသရုပ်ပြခဲ့တဲ့ Tesla Bot စက်ရုပ်ကို ဒီနှစ် AI Day မှာ အလုပ်လုပ်နိုင်တဲ့ တကယ့်စက်ရုပ်ဒီဇိုင်းအဖြစ် မိတ်ဆက်ပြသသွားခဲ့ပြီ ဖြစ်ပါတယ်။
Tesla ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နဲ့ ထိပ်တန်း AI နဲ့ Hardware လောကသား ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကုမ္ပဏီရဲ့ 2022 AI Day မှာ Optimus Robot တစ်နည်းအားဖြင့် Tesla Bot ကို ထုတ်ဖော်မိတ်ဆက်သွားတာပါ။ Tesla Bot ဟာ ပြီးခဲ့တဲ့နှစ်က စတင်မိတ်ဆက်ခဲ့တဲ့ နမူနာဒီဇိုင်းစက်ရုပ်ဖြစ်ပြီး အဲ့ဒီအချိန်က Prototype မော်ဒယ် စက်ရုပ်ဒီဇိုင်းအစား အကသမားတစ်ယောက်ကို အထူးချုပ်ထားတဲ့ စက်ရုပ်ဝတ်စုံ ဝတ်ဆင်ပြီး စင်ပေါ်မှာ သရုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။
Photo: CNBC
သောကြာနေ့က ကျင်းပသွားတဲ့ Tesla AI Day မှာတော့ တကယ့် ရှေ့ပြေးဒီဇိုင်း ယန္တရားနဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်ကို ပထမဆုံးအကြိမ် မိတ်ဆက်သွားတာပါ။ အီလွန်မတ်စ်ရဲ့ အဆိုအရ Optimus စက်ရုပ်ဟာ ကုမ္ပဏီရဲ့ Tesla လျှပ်စစ်ကားတွေမှာ အသုံးပြုထားတဲ့ Autopilot System နဲ့ ဆင်တဲ့ AI နည်းပညာတစ်ခု ပါရှိပြီး သီးသန့်ကြိုတင်လေ့ကျင့်သင်ကြားပေးစရာ မလိုဘဲ လူသားတွေနဲ့ ယှဉ်တွဲပြီး ဘေးကင်းကင်းနဲ့ အလုပ်လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
Tesla Bot ဟာ ရှုပ်ထွေးတဲ့ နှုတ်မိန့်တွေကို နားလည်နိုင်စွမ်း ရှိပြီး လူသား Level လက်တွေလည်း ပိုင်ဆိုင်မယ်လို့ ဆိုပါတယ်။ အရပ်အမောင်း ၆ ပေအောက် ၊ အလေးချိန် ၁၂၅ ပေါင်ခန့် ရှိပြီး တစ်နာရီ ၅ မိုင်နှုန်းနဲ့ ပြေးနိုင်သလို အလေးချိန် ၄၅ ပေါင်အထိလည်း သယ်ယူနိုင်ဖို့ ရှိပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာကို ဒီအလုပ်တွေ အကုန်လုံးလုပ်နိုင်မယ့် ရှေ့ပြေးနမူနာစက်ရုပ်တစ်မျိုး Tesla မှာ ရှိလာမယ်လို့ ဆိုပါတယ်။
"အထိအတွေ့အာရုံပေါင်း သိန်းနဲ့ချီ ရှိနေတာဖြစ်လို့ လူ့လက်က တစ်စက္ကန့်ကို ဒီဂရီ ၃၀၀ လှည့်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝထဲက အရာဝတ္ထုတိုင်းနီးပါးကို ထိတွေ့ကိုင်ဆုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ဒီဇီဝဗေဒကို မှီးပြီး Optimus လက်တွေမှာ လက်ချောင်း နဲ့ လက်မ ၅ ချောင်း ပါရှိပါတယ်။ လက်ချောင်းတွေကို သတ္ထုနဲ့လုပ်ထားတဲ့ တွယ်ဆက်တစ်သျှူးတွေနဲ့ မောင်းနှင်ထားပြီး အလျှော့အတင်းလုပ်နိုင်သလို သန်မာမှုလည်း ရှိပါတယ်။ တိကျမှုလည်း မြင့်လို့ သေးငယ်ပါးလွှာတဲ့ အရာဝတ္ထုငယ်တွေကိုပါ ကိုင်ဆုပ်နိုင်စွမ်း ရှိပါတယ်" လို့ Tesl ရဲ့ Autopilot Software Engineering ဌာန ဒါရိုက်တာ မီလန် ကိုဗက်စ်က ပြောပါတယ်။
စင်ပေါ်မှာ မိတ်ဆက်ချိန်မှာတော့ Optimus ဟာ ယန္တရားအထောက်အကူလုံးဝမပါဘဲ တက်လာပါတယ်။ အပြင်ကာဗာသားတွေနဲ့ ပြီးပြည့်စုံတဲ့ လူပုံတူစက်ရုပ်အဆင့်ကို မရောက်သေးပါဘူး။ Optimus စက်ရုပ်ဟာ ပါဝါအထိန်းစနစ်အမျိုးမျိုးကို PCB တစ်ခုတည်းမှာ ထည့်ပေါင်းထားတဲ့ 2.3 kWh ဘက်ထရီအိုးနဲ့ လာပြီး ဈေးနှုန်း ဒေါ်လာ ၂ သောင်းနဲ့ အောက်ပဲ ကျသင့်ဖို့ ရှိတယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ AI နည်းပညာသုံး လူပုံတူ Humanoid စက်ရုပ်တွေဟာ မကြာခင်မှာ ခေတ်စားလာဖို့ ရှိပါတယ်။
Photo: Bloomberg
ပြီးခဲ့တဲ့ ဩဂုတ်လကပဲ တရုတ်နည်းပညာကုမ္ပဏီ Xiaomi ဟာ ဘေဂျင်းမှာ ကျင်းပတဲ့ ကုမ္ပဏီရဲ့ ဆောင်းဦးပေါက် ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး ရှေ့ပြေးနမူနာ လူပုံတူ Humanoid စက်ရုပ်တစ်ခုဖြစ်တဲ့ Xiaomi CyberOne ကို မိတ်ဆက်ပြသသွားပါတယ်။ ပထမမျိုးဆက်အဆင့်မှာပြ ရှိသေးတဲ့ Xiaomi CyberOne ဟာ တကယ့်လူတစ်ယောက်ရဲ့ အရပ်အမောင်းအတိုင်း ၅ ပေ ၉ လက်မခန့် မြင့်ပြီး ကိုယ်အလေးချိန် ၁၁၅ ပေါင်ကျော် ရှိပါတယ်။
ဒီစက်ရုပ်မှာ Xiaomi ရဲ့ ကိုယ်ပိုင် Mi-Sense Depth Vision Module နည်းပညာစနစ်လည်း အသုံးပြုသွားမှာ ဖြစ်လို့ CyberOne ဟာ နေရာတွေကို သုံးဘက်မြင် 3D ပုံစံနဲ့ မြင်သိနိုင်မယ်လို့လည်း ပြောပါတယ်။ Mi-Sense Algorithm ရဲ့ အကူအညီနဲ့ စက်ရုပ်ဟာ လူတစ်ဦးချင်းစီကို အမူအရာ ၊ လက်ဟန်ခြေဟန်နဲ့ သူတို့ရဲ့ မျက်နှာပုံစံကအစ ခွဲခြားမှတ်မိနိုင်စွမ်း ရှိလာမှာ ဖြစ်ပါတယ်။ Xiaomi ဟာ CyberOne လူပုံတူစက်ရုပ်အပြင် AI နည်းပညာ နဲ့ အာရုံခံ Sensor တွေ ပါရှိတဲ့ CyberDog ခွေးစက်ရုပ်တစ်မျိုးလည်း မိတ်ဆက်ထားပါတယ်။