အီလွန်မတ်စ်ပိုင် Tesla ကားကုမ္ပဏီရဲ့ FSD လို့ ခေါ်တဲ့ ယာဉ်မောင်းအကူစနစ် ဆော့ဖ်ဝဲလ်ဟာ လာမယ့်စက်တင်ဘာလထဲမှာ ဈေးတက်တော့မယ်လို့ ဆိုပါတယ်။
Tesla ရဲ့ CEO အီလွန်မတ်စ်က သူ့ရဲ့ Twitter ကနေ Full Self-Driving (FSD) ဆော့ဖ်ဝဲလ်ဈေး ၂၅% တက်မယ့်အကြောင်းကို ကြေညာလိုက်တာပါ။ လက်ရှိ ဒေါ်လာ ၁၂၀၀၀ ဈေးရှိတဲ့ FSD ဆော့ဖ်ဝဲလ်ကို ဒေါ်လာ ၁၅၀၀၀ နဲ့ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၀၀၀ ဈေးတက်မယ့် နှုန်းထားသစ်ဟာ မြောက်အမေရိကမှာ စက်တင်ဘာ ၅ ရက်နေ့က စပြီး အကျုံးဝင်တော့မှာလို့ မတ်စ်က ပြောပါတယ်။
"Tesla app ကနေ တစ်ဆင့် သင့်ရဲ့ လက်ရှိကားကို ၂ မိနစ်အတွင်း FSD မြှင့်နိုင်ပါတယ်။ FSD Beta 10.69.2 ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီးနောက် FSD ဈေးဟာ မြောက်အမေရိကမှာ စက်တင်ဘာ ၅ ရက်နေ့က စပြီး ဒေါ်လာ ၁ သောင်းခွဲဈေး ဖြစ်လာမှာပါ။ လက်ရှိဈေးနှုန်းအတိုင်း စက်တင်ဘာ ၅ ရက်မတိုင်ခင် အော်ဒါမှာသူတွေကို ပေးသွားမှာပါ။ အရောက်တော့ နောက်ကျနိုင်ပါတယ်" လို့ မတ်စ်ရဲ့ Tweet က ဆိုပါတယ်။
စက်တင်ဘာ ၅ ရက်နေ့ မတိုင်ခင် ကားအော်ဒါမှာထားသူတွေကိုတော့ လက်ရှိဈေးနှုန်း ဒေါ်လာ ၁၂၀၀၀ နဲ့ပဲ ရောင်းချသွားမယ်လို့လည်း ဆိုပါတယ်။ ကြီးမားတဲ့ ရှေ့ခြေလှမ်းတစ်ခုလို့ အီလွန်မတ်စ် ပြောထားတဲ့ FSD beta 10.69 ဗားရှင်းသစ် စတင် ဖြန့်ချိပြီးနောက်မှာ အခုလို ဈေးတက်မယ့်အကြောင်း ကြေညာလာတာပါ။ FSD လစဉ်ကြေးပေး စာရင်းသွင်းမှုနှုန်းထားတွေရော ဈေးတက်ဦးမလားဆိုတာကတော့ မသိရသေးပါဘူး။ လက်ရှိမှာ FSD Subscription ကြေးဟာ တစ်လကို ၁၉၉ ဒေါ်လာ ကောက်ခံပါတယ်။
FSD Software ဆိုတာ Full Self-Driving လို့ ပြောပေမယ့် အပြည့်အဝ မောင်းသူမဲ့စနစ်တော့ မဟုတ်ပါဘူး။ FSD ဆော့ဖ်ဝဲလ်မှာ Tesla ရဲ့ အဆင့်မြင့် ယာဉ်မောင်းအကူစနစ် (ADAS) စနစ်ဖြစ်တဲ့ Autopilot လုပ်ဆောင်ချက်အပြင် Traffic and Stop Sign Control နဲ့ Navigate On Autopilot စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ဒီအဆင့်မြင့် feature တွေဟာ Tesla ကားတွေကို ယာဉ်ကြောအချက်ပြစနစ်တွေကို အလိုအလျောက် ဖတ်ရှုသိရှိပြီး အရှိန်လျှော့ချနိုင်ဖို့ ထုတ်ထားတာပါ။
လုံးဝမောင်းသူမလိုတဲ့ Autonomous စနစ်မဟုတ်လို့ ယာဉ်မောင်းက ကားစတီယာရင်ရဲ့ နောက်ကနေ အခြေအနေကို ထိန်းချုပ်မှုပေးနေရမှာပါ။ Tesla ရဲ့ FSD Beta ဈေးဟာ ဆက်တိုက်ဆိုသလို တက်လာနေတာပါ။ စပြီး ဖြန့်ချိချိန်က ဒေါ်လာ ၅၀၀၀ ကျသင့်တဲ့ FBD Software ဟာ ၂၀၁၉ ခုနှစ် မေလထဲမှာ ဒေါ်လာ ၆၀၀၀ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ အောက်တိုဘာထဲမှာ FSD Beta ကို သီးသန့်ဖောက်သည်တွေအတွက် စတင် ဖြန့်ချိချိန်မှာ ဒေါ်လာ ၁၀၀၀၀ အထိ ဈေးတက်သွားခဲ့ပါတယ်။
၂၀၂၁ စက်တင်ဘာလထဲမှာ Tesla ဟာ နောက်ထပ်ဖောက်သည်တွေဆီကနေ request button သစ်ကနေတစ်ဆင့် beta ဗားရှင်းကို တိုးချဲ့ ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက မတ်စ်ဟာ Tesla မောင်းသူမဲ့အကူလုပ်ဆောင်ချက်တွေ တိုးချဲ့မယ့်အကြောင်း ပြောခဲ့သလို ဆော့ဖ်ဝဲလ်ဈေးကိုလည်း ဒေါ်လာ ၁၀၀၀၀ ကျော်အထိ ရောက်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ Tesla FSD Software ဟာ ဒေါ်လာ ၁၂၀၀၀ အထိ ဈေးပေါက်လာခဲ့ပါတယ်။
Tesla CEO အနေနဲ့ FSD beta ဗားရှင်းသစ်ကို ကြီးမားတဲ့ ရှေ့ခြေလှမ်းတစ်ခုလို့ ပြောထားပေမယ့် ကယ်လီဖိုးနီးယား မော်တော်ယာဉ်ဌာန DMV ကတော့ ကုမ္ပဏီဟာ Tesla ရဲ့ အလိုအလျောက်မောင်းနှင်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ ၊ နားလည်မှုလွဲစေတဲ့ ပြောကြားမှုတွေ လုပ်ထားတယ်လို့ စွပ်စွဲထားပါတယ်။