၂၀၁၅ နောက်ပိုင်း တက်ဘလက် မထုတ်တော့တဲ့ Google ဟာ နောက်တစ်ကြိမ် အန်းဒရိုက်တက်ဘလက်ထုတ်လုပ်မှုဘက် ပြန်စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။
9to5 Google သတင်းအရ ပြီးခဲ့တဲ့နှစ်ထဲမှာ Google ဟာ Android Tablets သစ် စီမံကိန်းအကောင်အထည်ဖော်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ Google ဟာ Android Tablet App အတွေ့အကြုံပိုင်း အကြီးတန်း အင်ဂျင်နီယာမန်နေဂျာ ရာထူးနဲ့ပါ အလုပ်ခေါ်ထားပါတယ်။
Photo: gizchina
အလုပ်ခေါ်စာထဲမှာ "တွက်ချက်မှု Computing ရဲ့ အနာဂါတ်ဟာ ပိုပြီးအားကောင်းတဲ့ စွမ်းရည်မြင့်တက်ဘလက်တွေဘက် ရောက်လာနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ ပလက်ဖောင်းတွေပေါ်ကနေ အထစ်အငေါ့မရှိ ချောမွေ့တဲ့ ပံ့ပိုးမှုတွေ လုပ်ခြင်းအားဖြင့် တွက်ချက်မှုနဲ့ Input အသွင်းစနစ် ကဏ္ဍသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ကြိုးစားနေပါတယ်။ ဆန်းသစ်ပြီး ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ ထုတ်လုပ်နိုင်စွမ်း ၊ ဖန်တီးနိုင်စွမ်းတွေ ရှာဖွေဖော်ထုတ်နိုင်တဲ့ အတွေ့အကြုံရှိသူတွေနဲ့လည်း အလုပ်လုပ်နေပါတယ်" လို့ ပြောထားပါတယ်။
Android Tablets ပိုင်းအတွက် အလုပ်ခေါ်စာထဲမှာ ဒီစီမံကိန်းမှာ ပါတဲ့ အဖွဲ့ဟာ OEMs တွေ နဲ့ App Developer ၊ Android OS ပိုင်းတို့နဲ့လည်း အတူတူ အလုပ်လုပ်ရမယ်လို့ ဆိုပါတယ်။ Android ပူးပေါင်းတည်ထောင်ခဲ့သူ ရစ်ချ်မီနာလည်း Operating System ဌာနနဲ့ အလုပ်လုပ်ဖို့ ပြန်ပူးပေါင်းထားတယ်လို့ Computerworld မှာ ဖော်ပြထားပါတယ်။ ရစ်ချ်မီနာဟာ ပြီးခဲ့တဲ့နှစ် မတ်လက Android Tablets စီမံကိန်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။
Google ရဲ့ Hardware ဌာနအနေနဲ့ အန်းဒရိုက်တက်ဘလက်တစ်လုံး ထုတ်နေပြီလားဆိုတာတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ Google ဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ ASUS ၊ HTC ၊ Samsung စတဲ့ Third-Party OEMs တွေနဲ့ပေါင်းပြီး Nexus 7 တက်ဘလက်မျိုးဆက်နှစ်ခု နဲ့ Nexus 10၊ Nexus 9 တို့ကို ထုတ်ခဲ့ပါတယ်။ ၂၀၁၅ မှာ Pixel C ဟာ ကုမ္ပဏီရဲ့ နောက်ဆုံး အန်းဒရိုက်တက်ဘလက်ဖြစ်ခဲ့ပါတယ်။