မြန်မာနိုင်ငံကိုအလည်အပတ်လာတဲ့ ကိုရီးယားသူကို ဆိုင်ကယ်ကယ်ရီသမားက ဒေါ်လာ (၂၀၀)တန်ဆွဲကြိုးကိုလုယက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲတာပါ။
ကိုရီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်ကယ်ရီသမားက ပစ္စည်းများလုယက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့တဲ့ ဖြစ်ရပ် တွံတေးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ မေလ (၁)ရက်နေ့ည ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုရီးယားသူကမြန်မာနိုင်ငံကိုအလည်အပတ်လာရောက်သူလို့ သိရပါတယ်။
အဆိုပါကိုရီးယားနိုင်ငံသူ အမျိုးသမီးက အောင်မင်္ဂလာကားကွင်းကနေ တည်းခိုတဲ့နေရာကို သွားဖို့ Taxiငှားနေစဉ် ပြစ်မှုကျူးလွန်တဲ့ ဆိုင်ကယ်ကယ်ရီသမားက သူလိုက်ပို့မယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ရာကနေ အခုလိုဖြစ်ပွားခဲ့တာပါ။ ကိုရီးယားနိုင်ငံသူ ဝတ်ဆင်ထားတဲ့ ဒေါ်လာ ၂၀၀တန် ဆွဲကြိုးကို လုယက်ခဲ့ပြီး အဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့တာလည်း ဖြစ်ပါတယ်။
“ တရားခံကအခုထွက်ပြေးနေတာပါ ဒီဖြစ်စဉ်က မေလ (၁)ရက်နေ့ကဖြစ်ခဲ့ပြီး မနေ့ကဘဲ အမှုဖွင့်ထားပါပြီ။ တရားခံကိုတော့ လုယက်မှုပုဒ်မနဲ့ မုဒိမ်းကျင့်ရန်ကြံစည်မှုပုဒ်မတွေနဲခလောက်ချိုက်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့” ခလောက်ချိုက်ရဲစခန်းမှ ဒုရဲအုပ် စံဝင်းက Duwun ကို မေလ(၃)ရက်နေ့က ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ကျူးလွန်တဲ့ တရားခံကထွက်ပြေးနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ လိုက်လံစစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။