ဆောက်သမ်တန်နဲ့ပွဲအပြီးမှာပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့အဓိကတိုက်စစ်မှူး ဟာလန်း မနေ့ညက ဆောက်သမ်တန်နဲ့ပွဲမှာ တဂိုးတည်းသွင်းယူနိုင်ခဲ့တာကြောင့် စိတ်ပျက်ရကြောင်း နောက်ပြောင်ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဆောက်သမ်တန်ကို ကန်ဆယ်လို၊ ဖိုဒန်၊ မာရက်ဇ်၊ ဟာလန်းတို့ရဲ့ဂိုးတွေနဲ့အတူ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲက သွင်းဂိုးကြောင့် ဟာလန်းက ပရီးမီးယားလိဂ်သွင်းဂိုး (၁၅) ဂိုးရှိလာတဲ့အပြင် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၂၀) အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာကတော့ “ကျနော် ဟာလန်းနဲ့ပတ်သက်လို့ စိတ်ပျက်ရပါတယ်။ သူက ဟက်ထရစ်မသွင်းခဲ့ဘူးလေဗျာ။ ဒီတော့ သူ့ကို ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုမှုတွေက မဖြစ်လာနိုင်တော့ဘူး” လို့ ပွဲအပြီးမှာ နောက်ပြောင် ပြောကြားသွားခဲ့တာပါ။

ဟာလန်းဟာ မနေ့ညကပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး (၃) ပွဲဆက်တိုက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒါမျိုး စွမ်းဆောင်နိုင်တာကလည်း ဟာလန်းနဲ့မှ ပထမဆုံးပါ။ ဒါ့အပြင် ပြိုင်ဘက်တွေအတွက်လည်း ဟာလန်းက ထိန်းချုပ်လို့မရတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်က အခြားသောအသင်းတွေရဲ့ ပရိသတ်တွေက ဟာလန်းဟာ လူတယောက်မဖြစ်နိုင်ဘဲ စက်ရုပ်ဖြစ်နိုင်တာကြောင့် သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ပေးဖို့ ဗြိတိန်အစိုးရနဲ့လွှတ်တော်ထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပါတယ်။ ဒီလိုလက်မှတ်ရေးထိုးမှုမှာ အနည်းဆုံး လူပေါင်း (၂) သန်းက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

မန်စီးတီးအသင်းဖော် လာပေါ့တ်ကတော့ ဟာလန်းကို ပရီးမီးယားလိဂ်ကတင်မဟုတ်ဘဲ ဘောလုံးလောက,ကနေပါ ထုတ်ပယ်ရမှာဖြစ်ကြောင်း နောက်ပြောင်ခဲ့ပါသေးတယ်။ အခု ဆောက်သမ်တန်နဲ့ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကပါ အဆိုပါလက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကို နောက်ပြောင်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က