သူလောင်းပြီး (၁၅) စက္ကန့်အကြာမှာ ချေပဂိုးစရခဲ့တာပါ။

ပရိသတ်တယောက်ဟာ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့မန်စီးတီးပွဲကတဆင့် အံ့အားသင့်ဖွယ် လောင်းကြေးထပ်ပြီး အမေရိကန်ဒေါ်လာ (၄) သောင်းခွဲ အနိုင်ရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က နောက်ကျဂိုး၊ အချိန်ပိုဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တာပါ။



ရီးရဲလ်မက်ဒရစ်အနေနဲ့ ပွဲကစားချိန် မိနစ် (၉၀) အထိ မာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခံထားရပါတယ်။ ဒါ့အပြင် အသင်းကလည်း မန်စီးတီးဂိုးပေါက်ကို တကြိမ်တောင်တည့်အောင် မခြိမ်းခြောက်နိုင်ပါဘူး။ ဒါပေမယ့် လူတယောက်ကတော့ Caesars Sports ဆိုတဲ့ လောင်းကစားဝက်ဘ်ဆိုက်ကတဆင့် အံ့အားသင့်ဖွယ် လောင်းကြေးကို ရဲရဲကြီး လောင်းခဲ့ပါတယ်။

သူလောင်းခဲ့တဲ့ငွေကြေးကတော့ အမေရိကန်ဒေါ်လာ တထောင်ဖြစ်ပြီး လောင်းခဲ့တဲ့အကြောင်းအရာကတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ မိနစ် (၉၀) အတွင်း အနိုင်ရမယ်လို့ လောင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုလောင်းတဲ့နေရာမှာတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူရတာတွေ၊ ဗိုလ်လုပွဲတက်၊ မတက်ဆိုတာတွေ မပါဝင်ပါဘူး။

သာမန်ပွဲကစားချိန် မိနစ် (၉၀) အတွင်းမှာကို ရီးရဲလ်မက်ဒရစ်ပြန်နိုင်မယ်လို့ ရဲရဲကြီး လောင်းကြေးထပ်လိုက်တာဖြစ်ပါတယ်။ လောင်းကြေးအဆကတော့ (၄၅) ဆဖြစ်ကာ ဒီလူက ဒါမျိုး လောင်းကြေးထပ်ပြီး (၁၅) စက္ကန့်အကြာမှာတင် ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုးစရခဲ့ပါတယ်။

ကာမာဗင်ဂါကတဆင့် ဘန်ဇီမာဆီ ‘မ’ တင်ပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီမာက ပြန်ချအပေး၊ ရိုဒရီဂိုက ပြေးဝင်ပိတ်သွင်းခဲ့တာပါ။ အဲ့ဒီနောက် တမိနစ်အကြာမှာပဲ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဒီဂိုးမှာတော့ ကာဗာဟယ်လ်ရဲ့ဖြတ်တင်ဘောကတဆင့် ရိုဒရီဂိုကပဲ ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ ဒီလိုမျိုး သာမန်ပွဲကစားချိန် မိနစ် (၉၀) အတွင်း အနိုင်ရရှိခဲ့တဲ့နောက်မှာတော့ လောင်းကြေးထပ်ထားတဲ့ ပုဂ္ဂိုလ်က သူလောင်းထားတဲ့ငွေကြေးရဲ့ (၄၅) ဆဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၄) သောင်းခွဲကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကလည်း အချိန်ပိုမှာ ပင်နယ်တီကတဆင့် ဘန်ဇီမာ အနိုင်ဂိုးသွင်းခဲ့တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က