ဆာလာနဲ့ မာနေးတို့မပါဝင်ချိန် ဂိုးရဖို့ခက်ခဲနေတာကို ရည်ရွယ်ပြောဆိုခဲ့ကြတာပါ။

အာဖရိကဖလားပွဲအတွက် မိုဆာလာနဲ့ မာနေးတို့ စေလွှတ်ခဲ့ရတဲ့ အကျိုးဆက်ကို လီဗာပူးလ်တို့ စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပထမအကျော့ကို အိမ်ကွင်းမှာကစားခဲ့ရသလို ပွဲချိန်မိနစ် ၆၀ ကျော် တယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် လီဗာပူးလ်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။ 

ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရရှိခဲ့ပေမယ့် သွင်းဂိုးလေးတဂိုးတောင်မှ လီဗာပူးလ်တို့မရခဲ့ဘဲ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုတောင် အသည်းအသန်ထိန်းနေခဲ့ရပါတယ်။ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အဓိကတိုက်စစ်ကစားသမား ၂ဦး မပါဝင်နိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ဟာ တော်တော်လေးရုန်းကန်ခဲ့ရပြီး ဖာမီနို၊ ဂျိုတာနဲ့ မီနာမီနိုတို့ တိုက်စစ်အတွဲက ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ 

ဒီပွဲအပြီးမှာတော့ လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင် သူတို့နည်းပြကလော့ပ်တယောက် မာနေး နဲ့ ဆာလာတို့ဆီ "ငါ မင်းတို့ကို သတိရနေပြီ" လို့ မက်ဆေ့ချ်ပို့နေလောက်ပြီလို့ တွစ်တာပေါ်မှာ​ ရေးသားပြောဆိုခဲ့ကြပါတယ်။ Paige ဆိုတဲ့ တွစ်တာအသုံးပြုသူတဦးကတော့ "ဆာလာနဲ့ မာနေးမပါဘဲ ဂိုးသွင်းဖို့ကြိုးစားနေရတာကို နောက်ထပ်တလလောက် စောင့်ကြည့်ရဦးမှာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။ 

အာဆင်နယ်ဂိုးသမားရမ့်စ်ဒေးလ်ကတော့ ဒီရာသီအန်ဖီးလ်ကွင်းမှာ ဂိုးမပေးရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ဒီရာသီအန်ဖီးလ်မှာ ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပြီး ဒါက ဆာလာနဲ့ မာနေးတို့မရှိချိန်မှာ ဖြစ်ပျက်ခဲ့တာမို့ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူး ဆိုတာကို သိသာစေခဲ့ပြီး လာမယ့်ပွဲတွေမှာ ကလော့ပ်အတွက် တိုက်စစ်ပိုင်းကို စိုးရိမ်ရမယ့် အနေအထားဖြစ်နေခဲ့ပါပြီ။ 

Share

က္က