သားအိမ်ကျွံကျတဲ့ပြဿနာက ကလေးမွေးပြီးတဲ့မေမေတွေ တော်တော်လေးကြောက်တဲ့အရာလို့ ဆိုရမှာပါ။ ခွဲမွေးတာမဟုတ်ဘဲ သဘာဝမွေးလမ်းကြောင်းအတိုင်း ရိုးရိုးမွေးထားတဲ့ မေမေတွေ၊ အသက်အရွယ်ကြီးရင့်လာလို့ မဟော်မုန်းနည်းသွားတဲ့အမျိုးသမီးတွေမှာ သားအိမ်ကျွံကျတာမျိုး အများဆုံးဖြစ်တတ်ပါတယ်။
Photo : Freepik
သားအိမ်ကျွံကျတယ်ဆိုတာဘာလဲ
မိန်းမကိုယ်နဲ့ တင်ပါးဆုံအတွင်းထဲမှာရှိတဲ့ တင်ပဆုံရှေ့အောက်ပိုင်းကြွက်သားစု၊ သားအိမ်ကိုတွယ်ထားတဲ့ (Ligaments) လို့ခေါ်တဲ့ အရွတ်၊ သားအိမ်အတွင်းရှိ အမျှင်ပါတဲ့ (Fibrous) တစ်ရှုး တွေက သားအိမ်ကို ပုံမှန်အနေအထားဖြစ်အောင် ထိန်းပေးထားရပါတယ်။ ဒါပေမယ့် ကလေးမီးဖွားခြင်းကြောင့် တင်ပါးဆုံရှေ့အောက်ပိုင်းကြွက်သားစုတွေက အားပျော့လာတာ၊ အသက်ကြီးရင့်လာတဲ့အခါမှာ မဟော်မုန်းနည်းသွားခြင်းကြောင့် တင်ပါးဆုံကြွက်သားတွေ အားပျော့လာပြီးတော့ သားအိမ်က မူလရှိတဲ့နေရာမှာ မထိန်းနိုင်တော့ဘဲနဲ့ လျှောကျလာပါတယ်။ ဆိုးဆိုးရွားရွားအခြေအနေမှာဆိုရင် တချို့တွေမှာ မိန်းမကိုယ်ရဲ့ အပြင်ဘက်ထိ သားအိမ်အလုံးလိုက် ထွက်လာတာ မျိုးဖြစ်နိုင်ပါတယ်။ အဲဒါကိုသားအိမ်ကျွံကျ တယ်လို့ခေါ်ပါတယ်။ ဒီလိုကြွက်သားတွေအားပျော့လာတာနဲ့အမျှ သားအိမ်နဲ့အတူတူ မိန်းမကိုယ် အတွင်းဘက်သားအိမ်နဲ့ကပ်ရပ်ရှိနေတဲ့ ဆီးအိမ်၊ ဝမ်းအိမ်တွေလည်း လျှောကျလာတာမျိုးဖြစ်တတ်ပါတယ်။
Photo: Freepik
သားအိမ်ကျွံကျခြင်း လက္ခဏာရပ်များ
- မိန်းမကိုယ်ထဲကနေ တစ်ခုခု ထွက်ကျလာသလို ခံစားရခြင်း။
- မိန်းမကိုယ်အဝမှာ တစ်ဆို့နေသလိုခံစားရခြင်း။
- ဆိုးရွားတဲ့အဆင့်မှာဆိုရင် အပြင်မှာ အလုံးလိုက်ထွက်လာခြင်း။
- ခါးနာခြင်း။
- ဆီးသွားရခက်ခဲလာခြင်း။
- ဆီးမကြာခဏသွားရခြင်း၊ ဆီးမကုန်သလို ခံစားရခြင်း။
- ဆီးပိုးဝင်ခြင်း။
- ဝမ်းသွားရခက်ခဲလာခြင်း။
- အဖြူဆင်းသလို အရည်တွေဆင်နေခြင်း။
- သွေးဆုံးချိန်မှာတောင် သွေးဆင်းနေခြင်း။
Photo : Freepik
သားအိမ်ကျွံကျခြင်းကိုကုသနိုင်ရန် အိမ်တွင်းကုထုံးများ
- အဝလွန်သူတွေအနေနဲ့ ဝိတ်ချပါ။
- ဝမ်းမချုပ်အောင်နေပါ။
- ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ။
- အလေးအပင်မတာကို ရှောင်ကြဉ်ပါ။
- တင်ပါးဆုံရှေ့အောက်ပိုင်းကြွက်သားစုတွေ သန်မာအောင် Kegal လေ့ကျင့်ခန်းလုပ်ပါ။
Kegal Exercise လုပ်နေတာ မှန်မမှန် ဘယ်လိုသိနိုင်မလဲ
အဓိက ကြွက်သားစုနေရာကိုသိအောင်လုပ်ပြီး အဲဒီနေရာကို ကျုံ့လိုက်ဆန့်လိုက်နဲ့ လေ့ကျင့်ခန်းလုပ်ရမှာပါ။
ကြွက်သားစုနေရာကို ဘယ်လိုသိနိုင်မလဲဆိုရင် ဆီးသွားနေချိန်မှာ ဆီးကိုရပ်လိုက်ချိန် ကျုံ့လိုက်တဲ့ကြွက်သားပါ။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းလက်ညှိုးထည့်ပြီး ကျုံ့ကြည့်လိုက်ပါ။ အဲဒီကြွက်သားကို တောင့်တင်းအောင် လေ့ကျင့်ခန်းလုပ်ပေးရမှာပါ။
Kegal Exercise အလွယ်တကူပြုလုပ်နည်း
- ထိုင်နေရင်းပဲ ဖြစ်ဖြစ် လှဲနေရင်းပဲဖြစ်ဖြစ် မတ်တပ်ရပ်နေရင်းပဲဖြစ်ဖြစ် ဒီလေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်။
- တင်ပဆုံအောက်က ကြွက်သားကို ကျုံလိုက် ဆန့်လိုက် အနေအထားနဲ့တစ်ကြိမ်ကို (၃) စက္ကန့် ကနေ (၁၀) စက္ကန့်အတွင်း (၁၀) ခါလုပ်ပါ။
- တစ်နေ့ကို (၂) ကြိမ်ကနေ (၃) ကြိမ်အတွင်း လုပ်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် သားအိမ်ကျွံကျတဲ့အဆင့်နိမ့်နေသေးတဲ့အချိန်မှာ ကြွက်သားစုတွေတောင့်တင်းလာပြီး ဆိုးရွားတဲ့အဆင့်မဖြစ်အောင် ကာကွယ်ကုသနိုင်ပါတယ်။ ဖြစ်တဲ့လက္ခဏာတွေကဆိုးနေပြီ။ သားအိမ်ထွက်ကျတဲ့အထိ ဖြစ်နေပြီဆိုရင်တော့ ခွဲစိတ်ကုသပါ။ သားအိမ်တွင်းထောက်ပံ့တဲ့ပစ္စည်းတွေနဲ့ သားအိမ်ကို ပင့်တင်ထားဖို့ လိုအပ်ပါတယ်။
Kegal Exercise လုပ်ပေးခြင်း အကျိုးကျေးဇူး
တင်ပဆုံရှေ့အောက်ပိုင်းကြွက်သားစုတွေကို တောင့်တင်းအောင် Kegal လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်လာလို့ မဟော်မုန်းနည်းသွားတဲ့အချိန်မှာတောင် သားအိမ်ကြွက်သားစုတွေ တောင့်တင်းနေရင် သားအိမ်ကျွံကျတာမျိုးမဖြစ်နိုင်တော့ဘူး။ ဒီကြွက်သားစုတောင့်တင်ခြင်းက သားအိမ်ကျွံကျခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးအိမ်၊ ဝမ်းအိမ် မထိန်းနိုင်ခြင်းကို ကာကွယ်ပေးနိုင်ကာ အမျိုးသားနဲ့ အတူနေတဲ့အခါမှာလည်း စိတ်ကျေနပ်မှုရစေနိုင်ပါတယ်။
“ အဓိကကတော့ ရိုးရိုးမွေးဖွားရင် သားအိမ်ကျွံကျတတ်တယ်လို့ပြောတော့ ကြောက်ပြီးတော့ မိခင်တိုင်း ခွဲစိတ်မွေးဖွားဖို့ လုပ်ဖို့မလိုပါဘူး။ ရိုးရိုးမွေးဖွားသူတွေအကုန်လုံး လေ့ကျင့်ခန်းမှန်မှန်လုပ် ကြွက်သားတောင့်တင်းနေရင် သားအိမ်ကျွံကျတာကို ကာကွယ်ပေးနိုင်ပါတယ်။ ”
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်မကြီး ဒေါက်တာဥမ္မာသွင်မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။