ဘဏ္ဍာရေးပြဿနာကြောင့် ဒေဝါခံရန် တရားရုံးသို့ တင်ပြလျှောက်ထားတဲ့ နိုင်ငံပိုင် Thai Airways International လေကြောင်းလိုင်းကို ပြန်လည်ဖွဲ့စည်းရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုလိုက်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယနေ့ (မေ ၁၉ ရက်) ပြောပါတယ်။
Thai Airways ကို ဒေဝါလီမခံစေပါဘူး၊ လေကြောင်းလိုင်းက ဆက်လုပ်မှာပါ
(Photo: Inspire Bangkok)
Thai Airways ကို တရားရုံး ဦးဆောင်မှုဖြင့် ပြန်လည်ဖွဲ့စည်းမှာဖြစ်ကာ ယခင် စီစဥ်ထားခဲ့ပြီး အကြီးအကျယ် ဝေဖန်မှုတွေရှိခဲ့တဲ့ အစိုးရ အထောက်အပံ့ ကယ်ဆယ်ရေးရန်ပုံငွေ အစီအစဥ်ကို အစားထိုးလိုက်ပါတယ်။ ထိုင်းနိုင်ငံပိုင် လေကြောင်းလိုင်းရဲ့ ယခုပြဿနာဟာ COVID-19 ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေကို ထိခိုက်စေခဲ့ကြောင်း နောက်ဆုံး ထွက်ပေါ်လာတဲ့ သာဓကဖြစ်ရပ်တစ်ခုလည်း ဖြစ်လာပါတယ်။
ကိုလံဘီယာနိုင်ငံမှ Avianca Holdings SA နဲ့ ဩစတြေးလျနိုင်ငံမှ Virgin Australia Holdings လေကြောင်းလိုင်းတွေကတော့ ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေဝါလီခံခဲ့ကြပါတယ်။ အစိုးရညွှန်ကြားချက်နဲ့ နယ်စပ်ပိတ်ပင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ ခရီးစဥ်များ ရပ်နားထားခဲ့ကြရပါတယ်။
အစိုးရက ဘက်ပေါင်းစုံ ပြန်လည်သုံးသပ်ခဲ့ပြီး ပြန်လည်ဖွဲ့စည်းဖို့ လျှောက်ထားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်
(Photo: Reuters)
Thai Airways ကတော့ COVID-19 ကာလမတိုင်မီကတည်းက တန်ဖိုးနည်းလေကြောင်းလိုင်းတွေနဲ့ ကုန်ကျစရိတ်များလာမှုတို့ကြောင့် ဘဏ္ဍာရေးပြဿနာများ ရှိနေခဲ့တာဖြစ်ပါတယ်။ Thai Airways လေကြောင်းလိုင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ၂၀၁၆ ခုနှစ်ကလွဲပြီး နှစ်စဥ် ထိုင်းဘတ်ငွေ ၁၂.၀၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇၇.၃ သန်း) အရှုံးပေါ်ခဲ့ပါတယ်။
"အစိုးရက ဘက်ပေါင်းစုံ ပြန်လည်သုံးသပ်ခဲ့ပါတယ်၊ ပြန်လည်ဖွဲ့စည်းဖို့ လျှောက်ထားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်၊ Thai Airways ကို ဒေဝါလီမခံစေပါဘူး၊ လေကြောင်းလိုင်းက ဆက်လုပ်မှာပါ" လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"Thai Airways ကို တရားရုံးတွေက အကာအကွယ်ပေးသွားမှာပါ၊ ပြန်လည်ဖွဲ့စည်းမှုကို ကြီးကြပ်ဖို့ ပညာရှင်တစ်ယောက် ခန့်အပ်သွားမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ Thai Airways လေကြောင်းလိုင်းရဲ့ ဝန်ထမ်းတွေ အလုပ်အကိုင် ဆက်ရှိနေမယ်လို့လည်း ၎င်းက ဖြည့်စွက်ပြောဲ့ပါတယ်။
ဖျက်သိမ်းတာ သို့မဟုတ် စာရင်းရှင်းလင်းပြီး ဒေဝါလီခံတာ သို့မဟုတ် ဒေဝါလီခံကြောင်း ကြေညာတာ မလုပ်ပါဘူး
(Photo: Akira Kodaka)
ယခု အစီအစဥ်ကို Central Bankruptcy Court မှတစ်ဆင့် အကောင်အထည်ဖော်မှာဖြစ်ပြီး ပြန်လည်ဖွဲ့စည်းမှု လုပ်ဆောင်နေစဥ် လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ကိုင်သွားမယ်လို့ Thai Airways က ပြောပါတယ်။ "Thai Airways ကို ဖျက်သိမ်းသွားတာ သို့မဟုတ် စာရင်းရှင်းလင်းပြီး ဒေဝါလီခံတာ သို့မဟုတ် ဒေဝါလီခံကြောင်း ကြေညာတာ မလုပ်ပါဘူး" လို့ လေကြောင်းလိုင်းရဲ့ ယာယီဥက္ကဌ Chakkrit Parapuntakul က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အစီအစဥ်အတိုင်း ပြန်လည်ဖွဲ့စည်းမှုနဲ့အတူ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး လေကြောင်းခရီးစဥ်တွေ ဆက်လက် ပျံသန်းသွားမယ်လို့ ၎င်းကဆိုပါတယ်။ COVID-19 ကြောင့် လေကြောင်းခရီးစဥ်သွားလာမှုများ လျော့ကျသွားခဲ့ရာ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ ၎င်းတို့ရဲ့ လေကြောင်းခရီစဥ် ၉၅ ရာခိုင်နှုန်းခန့်ကို မေလမှာ ရပ်ဆိုင်းထားခဲ့ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။