In partnership with  logo
ဈေးရောင်းသက်တမ်း၁၅ နှစ်ရှိခဲ့ပြီး ထီသည်ဘဝ၊ ရုပ်ရှင်ဇာတ်ကားခွေများ ရောင်းသူဘဝ၊ အဝတ်အထည်ရောင်းသူ ဘဝ စတဲ့ ဈေးသည်ဘဝမျိုးစုံလုပ်ခဲ့ဖူးပါတယ်။

ရန်ကုန် လှည်းတန်းလမ်းမပေါ်မှာ Mr.Street Food ဆိုတဲ့ ဆိုင်နာမည်လေးနဲ့ ဝက်သားတုတ်ထိုးဆိုင်၊ ကိုရီးယားအကင်ဆိုင်၊ ဂျပန်တာကိုယာကီမုန့်လုံးဆိုင် စတဲ့ လူငယ်ကြိုက်အစားအစာလေးတွေ ရောင်းချနေတဲ့ လမ်းဘေးမုန့်ဆိုင်လေးတွေနဲ့ ပတ်သက်ပြီး ဒီလို မုန့်ဆိုင်လေးတွေ ဖြစ်လာဖို့ နောက်ကွယ်က ကြိုးစားနေသူ ကိုသန့်စင်ရဲ့ အကြောင်းကို Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။





ရန်ကုန်မှာ ဈေးရောင်းတာ ၁၅ နှစ်ရှိပြီ


ကိုသန့်စင်ဟာ နာဂစ်ဖြစ်ပြီးနောက်ပိုင်း ရန်ကုန်ကို တက်လာပြီး ရန်ကုန်မြို့ ဆူး‌လေးလမ်းမပေါ်မှာ လမ်းဘေးဈေးရောင်းတဲ့ အလုပ်ကို စတင်လုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဈေးရောင်းသက်တမ်း၁၅ နှစ်ရှိခဲ့ပြီး ထီသည်ဘဝ၊ ရုပ်ရှင်ဇာတ်ကားခွေများ ရောင်းသူဘဝ၊ အဝတ်အထည်ရောင်းသူ ဘဝ စတဲ့ ဈေးသည်ဘဝမျိုးစုံလုပ်ခဲ့ဖူးပါတယ်။ အောက်ခြေဈေးသည်ဘဝဖြစ်တာကြောင့် အခက်အခဲမျိုးစုံကြုံခဲ့ရပေမယ့် သူ့အလုပ်ကို ဘယ်တော့မှ ဇွဲမလျှော့ခဲ့သူပါ။ 


“ ဈေးရောင်းတာကတော့ အခက်အခဲဆိုတာ အများကြီးရှိခဲ့တာပေါ့နော်။ လမ်းဘေးဈေးသည်ဘဝဆိုတော့ စည်ပင်လာရင် ထွက်ပြေးရတာတွေရှိတယ်။ ဘဝကတော့ခက်ခဲတာ ပြောမနေပါနဲ့တော့။ အစုံပါပဲ ဒါပေမယ့် လဲကျလိုက် ပြန်ထလိုက် အလုပ်လုပ်နေဖို့က ကိုယ့်တာဝန်ပဲ။ အလုပ်လုပ်ရမယ် ကြိုးစားရမယ် ဒီလိုမဖြစ်ရင် ဖြစ်သလို လုပ်ရမယ်။ ကျွန်တော်ဈေးအစုံရောင်းဖူးခဲ့တယ်။ အခုတော့ အစားအသောက်လိုင်းဘက်ကို ကူးပြီးလုပ်ကိုင်နေတာပေါ့” လို့ ကိုသန့်စင်က ဆိုပါတယ်။



Street Food ဈေးသည်ဘယ်လိုဖြစ်လာလဲ 


ကိုသန့်စင်ရဲ့ အစားအသောက်ရောင်းချင်တဲ့ စိတ်ကူးအိမ်မက်က အရင်ကတည်းက ရှိခဲ့တာပါ။ လမ်းဘေးမှာရောင်းတဲ့အစားအစာတွေကို အဆင့်အတန်းမီမီရောင်းချင်တာက သူ့ဆန္ဒဖြစ်ပြီး ကိုဗစ်ကာလပြီးနောက်ပိုင်း အစားအသောက်ရောင်းတဲ့ဘက်ကို ကူးပြောင်းလုပ်ကိုင်ခဲ့ပါတယ်။ 

“ ကိုဗစ်ကာလမှာ ကျွန်တော်အစားအသောက်လုပ်တာတွေကို Youtube ကြည့်ပြီးလေ့လာတယ်။ ကျွန်တော် ဘန်ကောက်ရောက်တော့ ဆိုင်လေးတွေက သပ်ရပ်သန့်ရှင်းနေရော တစ်နေ့ကျရင် ဒီလိုလေးဖွင့်မယ်ပေါ့ စိတ်ကူးတယ်။ ကျွန်တော့်စိတ်ကူးအိမ်မက်အတိုင်း ကျွန်တော်ရဲ့ ဆိုင်လေးတွေကို အတတ်နိုင်ဆုံးသပ်သပ်ရပ်ရပ်လုပ်တယ်။ အစားအသောက်ကို စရောင်းတည်းက တစ်နှစ်အတွင်း ငါးဆိုင်ဖွင့်နိုင်ရမယ်ဆိုပြီး ရည်ရွယ်ချက်ရှိခဲ့တယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားခဲ့တယ်။ တကယ်ဖွင့်နိုင်ခဲ့တယ်။ အဓိက လမ်းဘေးမှာ ဈေးရောင်းတယ်ဆိုပေမယ့် သန့်ရှင်းသပ်ရပ်ရမယ်။ အရသာကောင်းကောင်း၊ ကွာလတီကောင်းကောင်းဖြစ်နေရမယ်” လို့ ကိုသန့်စင်က ဆိုပါတယ်။ 


တစ်နှစ်ကို ၅ ဆိုင် ဖွင့်နိုင်အောင်ကြိုးစားမယ်


အခုဆို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကိုသန့်စင်အနေနဲ့ လမ်းဘေး မုန့်ဆိုင်လေး (၅) ဆိုင်အထိ ဖွင့်နိုင်ခဲ့ပြီးတစ်နှစ်ကို ငါးဆိုင်နှုန်းနဲ့ တိုးဖွင့်နိုင်အောင် ကြိုးစားသွားမယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ဆိုင်နာမည် Mr.Street Food ဆိုတဲ့အမည်လေးနဲ့ လမ်းဘေးစားသောက်ဆိုင်ဖွင့်ချင်သူတွေကို Franchise ပေးသွားမယ့်အစီအစဉ်တွေ လုပ်သွားဦးမှာလည်း ဖြစ်ပါတယ်။

“ အခု ဒုတိယနှစ် (၂၀၂၄) ခုနှစ်မှာနောက်ထပ်ဆိုင် ငါးဆိုင် ဖွင့်ဖို့ ရည်ရွယ်တယ်။ အဲ့ဒီအတွက် ပိုက်ဆံလည်း တတ်နိုင်သလောက်စုခဲ့တယ်။ နှစ်လကို တစ်ဆိုင်နှုန်းဖွင့်နိုင်ဖို့ ကြိုးစားမယ်။ ပြီးရင်တော့ ကျွန်တော်ရဲ့ Mr.Street Food နာမည်နဲ့ အငှားဆိုင်လေးတွေ ဖွင့်ဖို့အတွက် franchise ပေးဖို့ အစီအစဉ်ရှိတယ်။ ” လို့ ကိုသန့်စင်က ဆိုပါတယ်။



ကိုသန့်စင်ရဲ့ Mr.Street Food ဆိုင်လေးတွေ အားပေးချင်တယ်ဆိုရင်တော့ 

Mr.Street Food နာမည်နဲ့ ဝက်သားတုတ်ထိုးဆိုင်၊ ဘာဘယ်လ်တီးဆိုင်၊ ဂျပန်တာကိုယာကီမုန့်၊ ကိုရီးယား corn dog စတဲ့ အစားအစာတွေကို လှည်းလေးနဲ့ ဖွင့်လှစ်ထားပြီး ကမာရွတ်မြို့နယ် အင်းစိန်လမ်းမကြီးပေါ် ခိုင်ရွှေဝါလမ်းထိပ်၊ Beauty Diary ရှေ့မှာ ညနေတိုင်း ဖွင့်လှစ်ထားတာမို့ လာရောက်အားပေးနိုင်ဖို့အတွက် ညွှန်းပေးလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က