ယူနိုက်တက်မှာပုံမှန်ကစားခွင့်မရဘဲ အရန်ခုံသာထိုင်နေရတဲ့ သားမက်ဖြစ်သူ ဗန်ဒီဘိခ်ကို အသင်းပြောင်းရွှေ့နိုင်အောင် ယောက္ခမဖြစ်တဲ့ ဒင်းနစ်ဘားကမ့်က ကူညီပေးနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်းကြီးဘားကမ့်က သူ့ရဲ့အသင်းဖော်ဟောင်းဗီယာရာကိုင်တွယ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကို သားမက်ဖြစ်သူ ပြောင်းရွှေ့နိုင်အောင် ကူညီနေတာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ကို ပဲလေ့စ်က ရာသီကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာဖြစ်ပြီး ဒီအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေပေမယ့် အဆင်မပြေနေတာဖြစ်ပါတယ်။ ပုံမှန်ကစားခွင့်ရချင်နေတဲ့ ဗန်ဒီဘိခ်ကလည်း ယူနိုက်တက်ကနေ ထွက်ခွာချင်နေပြီး သူ့ရဲ့အပြောင်းအရွှေ့တွေမှာ ဘားကမ့်က ဝင်ရောက်ပါဝင်လာခဲ့ပြီး ယူနိုက်တက်နဲ့ စကားပြောဆိုမှုတွေပြုလုပ်ပေးနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
ဟော်လန်ကွင်းလယ်လူဟာ အေဂျက်ဇ်ကနေ ယူနိုက်တက်ကိုရောက်ရှိလာခဲ့ကတည်းက ရုန်းကန်နေရသူဖြစ်ပြီး ပထမဆုံးရာသီမှာ ၁၉ ပွဲကစားခွင့်ရခဲ့ပေမယ့် ၄ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ပိုမိုကစားခွင့်ရရှိဖို့ မျှော်လင့်ထားခဲ့ကြပေမယ့်လည်း ၆၈ မိနစ်သာ ကစားပေးထားရပြီး တော်တော်လေးကို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ဖြုန်းတီးပစ်ခံနေရတယ်လို့ ပရိသတ်တွေကအစ ပြောဆိုနေခဲ့ရပါတယ်။
ယူနိုက်တက်ကလည်း သူတို့ကစားသမားကို အငှားနဲ့ထွက်ခွင့်ပေးဖို့ စီစဉ်နေပြီး ခေါ်ယူမယ့်ကလပ်တွေအနေနဲ့ ကစားသမားရဲ့ လုပ်ခလစာကို ပြည့်အ၀ပေးချေရမယ်လို့ ပြောဆိုထားပါတယ်။ ပဲလေ့စ်အပြင် ဗလင်စီယာကလည်း ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေပြီး လစာပေးချေရဖို့အတွက် အခက်အခဲရှိနေလို့ ပရီးမီးယားလိဂ်ကလပ်က ခေါ်ယူနိုင်ဖို့ ပိုမိုအခွင့်အလမ်းသာနေတယ်လို့ သိရပါတယ်။