လီဗာပူးတိုက်စစ်မှူးသစ် ဒါဝင်နူးနက်ဇ်ဟာ လက်ရှိအချိန်မှာတော့ မီဒီယာတွေရဲ့ဖိအားနဲ့ အဓိကရင်ဆိုင်နေရပြီး သူ့ရဲ့ မိုးပေါ်ထောင်ကန်နေတဲ့ဗီဒီယိုတွေကလည်း တခုပြီး တခု ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ လီဗာပူးနည်းပြ ကလော့ပ် အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ကစားသမားတယောက်ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အားရစရာ ခြေစွမ်းမျိုးမပြသနိုင်သေးပါဘူး။
ယူနိုက်တက်ကို လေးဂိုးပြတ်နဲ့မရှုံးခင် လေ့ကျင့်ခန်းအစီအစဥ်မှာတည်းက နူနက်ဇ်တယောက် လေ့ကျင့်ခန်းဆင်းရင်း မိုးပေါ်ထောင်ကန်နေခဲ့ပြီး ယူနိုက်တက်နဲ့ပွဲမှာလည်း အပိုင်အခွင့်အရေးတကြိမ်ကို မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် လီဗာပူးတို့ အဲ့ဒီပွဲမှာ တဂိုးမှမရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း နူနက်ဇ်က အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ရယ်စရာကောင်းတဲ့ လွဲချော်မှုအချို့နဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း နူနက်ဇ်တယောက် ဖိအားတွေ များသထက် များလာခဲ့ပြီး နည်းပြကလော့ပ်အပါအဝင် အသင်းဖော်တွေကလည်း ကာကွယ်ပေးခဲ့ရပါတယ်။
အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုမှာလည်း နူနက်ဇ်က လေ့ကျင့်ခန်းအစီအစဥ်မှာ အပိုင်အခွင့်အရေးကို တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာလည်း နူနက်ဇ်ရဲ့ ကန်ချက်က ဂိုးဘားပေါ် အတော်လေးကျော်ထွက်သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ “ကြည့်လိုက်တဲ့ဗီဒီယိုတိုင်းမှာ နူနက်ဇ်က မိုးပေါ်အမြဲထောင်ကန်နေပါတယ်”
“ဒီကောင် ဘာတွေမှားနေတာလဲ။ ဒီအတိုင်းဆက်သွားနေရင် လီဗာပူးမှာ မာနေးနေရာကို သူနဲ့ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလော့ပ်က စျေးပေါပြီး အသုံးဝင်တဲ့ ကစားသမားကောင်းတွေနဲ့ အသင်းကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတယောက်က ဘာကြောင့် ဟာလန်းထက် စျေးပိုကြီးနေရတာလဲ” လို့ ဝေဖန်လျက်ရှိပါတယ်။