မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲမှာ ယူနိုက်တက်က ချဲလ်ဆီးကို ၄-၁ ဂိုးနဲ့ ခြေပြတ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို အရယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနောက်တန်းက အားနည်းချက်တွေရှိခဲ့သလို တိုက်စစ်ပိုင်းကလည်း ရရှိလာတဲ့ အပိုင်အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့တာကြောင့် အခုလို ဂိုးပြတ်ရှုံးခဲ့ရတာပါ။
ဒီပွဲမှာ ချဲလ်ဆီးတို့ ပွဲချိန် (၆) မိနစ်ကတည်းက ကက်စ်မဲရိုးရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးမတိုင်ခင် (၄) မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ လူးဝစ်ဟော ဖန်တီးပေးတဲ့ အပိုင်အခွင့်အရေးကို မူဒရစ်ခ်က ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်ရဖို့၊ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ မူဒရစ်ခ် ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး အဖွင့်ဂိုးသွင်းယူနိုင်လောက်တဲ့ အခွင့်အရေးပါ ရရှိခဲ့တာပါ။
ဒါပေမယ့်လည်း သူက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လွဲချော်သွားခဲ့ပြီး ပရိသတ်တွေက ဒီအပေါ်မှာ စိတ်ပျက်နေကြပါတယ်။ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရတဲ့အနေအထားမှာ မူဒရစ်ခ်က ဘယ်ခြေ၊ ညာခြေရွေးခဲ့ပြီး ညာခြေနဲ့ ကန်သွင်းတဲ့နေရာမှာ ဘောလုံးက ဂိုးပေါက်နဲ့တောင်မတည့်ဘဲ ချော်ထွက်သွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ “ခင်ဗျားက ပရော်ဖက်ရှင်နယ် ကစားသမားဗျာ။ ပြီးတော့ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် ကစားပေးနေရတာ။ ဒီပုံစံနဲ့ ဘယ်လိုလုပ်မှာလဲ” လို့ အမျိုးမျိုး မှတ်ချက်ပြု ဝေဖန်ခဲ့ကြပါတယ်။ မူဒရစ်ခ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်အထိတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။