အမ်ဘာပေနဲ့ပတ်သက်လို့ ပီရက်ဇ်က ပြောကြားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က အမ်ဘာပေနဲ့ ပတ်သက်တဲ့ သူ့ရဲ့စိတ်ကူးအမြင်ကို လူသိရှင်ကြားပဲ ပြတ်ပြတ်သားသား ပြောဆိုလာခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်တို့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တည်းက ကြိုးစားခဲ့တာပါ။



ဒါပေမယ့် ရီးရဲယ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှု (၂) ကြိမ်ကို PSG ဘက်က ရင့်ရင့်သီးသီးပဲ ငြင်းဆန်ပယ်ချခဲ့ပြီး ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့သာ ကြိုးစားခဲ့ပါတယ်။ အမ်ဘာပေနဲ့ PSG အကြား စာချုပ်က လက်ရှိဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ အမ်ဘာပေကို PSG တို့ စာချုပ်သစ်အတွက် သဘောတူညီမှုမယူနိုင်သေးဘဲ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အမ်ဘာပေက ရီးရဲယ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှုရယူခွင့်ရှိနေပါပြီ။ ဒီလိုအခြေအနေမျိုးမှာလည်း ပီရက်ဇ်က PSG တာဝန်ရှိသူတွေ ယမ်းပုံမီးကျဖြစ်စေမယ့်စကားကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က “နိုင်ငံပိုင် အသင်းတစ်သင်းကများ သူတို့ရဲ့ကစားသမားတွေကို မရောင်းဘူးတဲ့ဗျာ။ ဒါရူးနေတာပဲဖြစ်မှာ။ ကျနော်တို့က ကစားသမားတစ်ယောက်အတွက် ယူရိုသန်း (၂၀၀) နဲ့ တောင် ကမ်းလှမ်းတာပဲလေ။ သူတို့ကမရောင်းပါဘူး။ အဲ့ဒီတော့ စာချုပ်ပြည့်သွားမှပဲ အလွတ်ခေါ်လိုက်တာ ပိုကောင်းတာပေါ့” လို့ ပြောကြားခဲ့တာပါ။

PSG အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့လအတွင်းကမှ ပီရက်ဇ်၊ နည်းပြ အန်ဆယ်လော့တီ၊ တိုက်စစ်မှူး ဘန်ဇီမာတို့က အမ်ဘာပေအကြောင်း ပြောနေကြတာကြောင့် ရီးရဲယ်မက်ဒရစ်ကို အရေးယူသင့်တယ်လို့ လီယိုနာဒိုက ဆိုခဲ့ဖူးတာပါ။

အခု ပီရက်ဇ်ရဲ့ပြောစကားကတော့ PSG ရဲ့ သည်းခံနိုင်စွမ်းကို အကြီးမားဆုံး စမ်းသပ်ခဲ့တဲ့လုပ်ရပ်လို့ဆိုနိုင်ပြီး ရှေ့ဆက် ဘယ်လိုမျိုး စကားလုံးတိုက်ပွဲတွေဖြစ်ပွားဦးမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က