ကမ္ဘာကျော်သူဌေးကြီး အီလွန်မတ်စ်ပိုင် SpaceX ဂြိလ်တု ၄၉ စင်းမှာ အစင်း ၄၀ ဟာ သောကြာနေ့က ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က ကမ္ဘာပတ်လမ်းထဲ ရောက်နေတဲ့ SpaceX ရဲ့ အာကာသအင်တာနက်လွှင့်တင်ရေးဂြိုလ်တု Starlink Satellites ပေါင်း ၄၀ ဟာ ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တာလို့ Business Insider သတင်းက ဖော်ပြပါတယ်။ အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ဟာ အနိမ့်ကမ္ဘာပတ်လမ်းထဲ Starlink ဂြိုလ်တုပေါင်း ၄၉ စင်းကို ပြီးခဲ့တဲ့အပတ် ဖေဖော်ဝါရီ ၃ ရက် ကြာသာပတေးနေ့က Falcon 9 ဒုံးပျံကို သုံးပြီး လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
Photo: CNBC
သောကြာနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းကြောင့် လွှင့်တင်ခဲ့တဲ့ ဂြိုလ်တုတွေထဲက ၈၀% ကျော်ဟာ သိသိသာသာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ SpaceX က ထုတ်ပြန်ပါတယ်။ ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းတွေဟာ ကမ္ဘာရဲ့ သံလိုက်စက်ကွင်းနဲ့ Solar Wind လို့ ခေါ်တဲ့ နေက လာတဲ့ လျှပ်စစ်ဓါတ်တွေပါဝင်တဲ့ အမှုန်တွေအကြား အနှောင့်အယှက်တွေ ဖြစ်ရာကနေ စတင်ပါတယ်။
မုန်တိုင်းအရှိန်နဲ့ ပြင်းအားကြောင့် အရင်လွှင့်တင်တာထက် လေထုလွှာပွတ်တိုက်မှု ၅၀% ပိုပြီး မြင့်တက်သွားစေခဲ့တယ်လို့ SpaceX က ဆိုပါတယ်။ ဒီလို ကြားဖြတ်အဟန့်အတားတွေ ပေါ်လာတာကြောင့် ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းအနေအထားကို ရောက်ဖို့ ခက်ခဲကုန်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SpaceX အနေနဲ့ လေထုလွှာပွတ်တိုက်မှုကို လျှော့ချဖို့ ဂြိုလ်တုတွေကို Safe-Mode နဲ့ ပျံသန်းနိုင်အောင် ကြိုးစားခဲ့ပေမယ့် ရည်ရွယ်ထားတဲ့အတိုင်း ရောက်မသွားနိုင်သေးဘူးလို့ ဆိုပါတယ်။ လွှင့်တင်လိုက်တဲ့ ဂြိုလ်တုထဲက အစင်း ၄၀ ဟာ ကမ္ဘာ့လေထုထဲ ပြန်ဝင်ရောက်လာပြီး လောင်ကျွမ်းသွားမယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ တချို့လည်း မီးလောင်ပျက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။
Photo: galaxyreporters
အခုလို ပျက်ကျလာတဲ့ ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းကနေ လွတ်ထွက်လာချိန်မှာ တခြားဂြိုလ်တုတွေနဲ့ တိုက်မိတာမျိုး ဖြစ်မှာမဟုတ်ဘူးလို့လည်း SpaceX က ဆိုပါတယ်။ ကမ္ဘာပတ်လမ်းထဲမှာလည်း အပျက်အတိုင်း လှည့်ပတ်သွားလာနေမှာ မဟုတ်သလို ကမ္ဘာပေါ်ကိုလည်း ဂြိုလ်တုအစိတ်အပိုင်းတွေ ပြုတ်ကျလာမှာ မဟုတ်ဘူးလို့ လည်း ထပ်လောင်းပြောကြားထားပါတယ်။
SpaceX ဟာ ကမ္ဘာပတ်လမ်းအတွင်း Starlink ဂြိုလ်တုပေါင်း ၂၀၀၀ ကျော် လွှင့်တင်ထားပြီး ဒီထဲက အစင်းပေါင်း ၁၉၀၀ ခန့်ဟာ ပုံမှန်အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ အခုဖြစ်ရပ်ကတော့ SpaceX ကုမ္ပဏီသမိုင်းမှာ ဂြိုလ်တုအစင်းရေ အများဆုံး ပျက်စီးဆုံးရှုံးမှုဖြစ်တယ်လို့ ဟားဗတ်နက္ခတ္တပညာရှင် ယောနသန် မက်စ်ဒူးဝဲလ်က ပြောပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီအနေနဲ့ ဒုံးပျံတစ်စင်းမှ ပျက်ကျတာမျိုးတော့လည်း မရှိသေးဘူးလို့ မှတ်ချက်ချပါတယ်။ ။