မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ကို လာမယ့်ရာသီအတွက် တရာသီစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်က သူတို့ရဲ့ လူမှုကွန်ရက်ကနေ တရားဝင်ကြေညာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းကလည်း ဒီသတင်းကို ဖော်ပြခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ကန်ချနာဘူရီစီးတီးအတွက် သွားရောက်ကစားခဲ့ပြီး စုစုပေါင်း ၁၉ ပွဲမှာ ၁၂ ဂိုးသွင်းကာ ဖန်တီးမှု ၇ ကြိမ်အထိ သန်းပိုင်က ပြုလုပ်နိုင်ခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီအတွက် အကျိုးဆက်က သူ့ကို ချင်းမိုင်ယူနိုက်တက်ကနေ ခေါ်ယူဖို့ ဖြစ်လာခဲ့တယ်လို့ ယူဆရပါတယ်။
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်၊ ချင်းယူနိုက်တက်၊ ရှမ်းယူနိုက်တက်တွေမှာ ကစားခဲ့တဲ့ သန်းပိုင်ဟာ ထိုင်းလိဂ်ကစားသမားဘ၀မှာတော့ တော်တော်လေး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ချင်းမိုင်ယူနိုက်တက်မှာလည်း သူ ပြီးခဲ့တဲ့ရာသီကလို ခြေစွမ်းမျိုး ပြသနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
ပြီးခဲ့တဲ့တပတ်ကလည်း ထိုင်းပရီးမီးယားလိဂ်ကလပ် လမ်ဖွန်ဝါရီယာက မြန်မာကစားသမားမောင်မောင်လွင်ကို ၅ နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်း ကြေညာခဲ့ပါသေးတယ်။ မြန်မာကစားသမားတချို့အနေနဲ့ ထိုင်းလိဂ်၊ လိဂ်-၂၊ လိဂ်-၃ တွေမှာ ခြေစွမ်းပြသနေကြပြီး ပရိသတ်အာရုံစိုက်မှုတွေကိုလည်း ရရှိနေကြပါတယ်။