မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ရဲ့ပွဲမှာတော့ အိမ်ရှင် ဝက်စ်ဟမ်းက ချဲလ်ဆီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် ဂိုးတွေကို အဂူရက်ဒ်၊ အန်တိုနီယို၊ ပါကွေတာတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ဝက်ဒ်ပရော့စ်ရဲ့ နောက်ထပ်အဆင့်မြင့် Set-Piece စွမ်းရည်ကို ထပ်မံမြင်တွေ့ခဲ့ရပြီး အဂူရက်ဒ်ရဲ့ဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက ချူကွာမေကာက ချေပဂိုးပြန်လည် သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးတို့ ပထမပိုင်းမပြီးခင်ကတည်းက ပြန်လည် ဦးဆောင်ခွင့် ရရှိခဲ့ပေမယ့် ရရှိလာတဲ့ ပင်နယ်တီကို အန်ဇိုဖာနန်ဒက်ဇ်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့ဘဲ အာရီယိုလာက ကာကွယ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းရဲ့ နောက်ထပ်အနိုင်ဂိုးတွေကို ခွင့်ပြုလိုက်ရပါတယ်။
အန်တိုနီယိုက ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို ချဲလ်ဆီးဘက်က လူစားဝင်လာတဲ့ ကိုင်စီဒိုကလည်း အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်မှာ ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကိုတော့ ပါကွေတာက သွင်းယူခဲ့ပြီး ချဲလ်ဆီးတို့ အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ချဲလ်ဆီးကတော့ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးရှုံးပွဲနဲ့ စောစောစီးစီး ရင်ဆိုင်ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ရာသီအဖွင့်အိမ်ကွင်းပွဲမှာလည်း လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ကာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရရှိသေးပါဘူး။