ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာကို ဖခင်ဖြစ်သူက လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်ဟာ ၂၀၁၃ ခုနှစ်တုန်းက ဆန်းတို့စ်ကနေ ဘာစီလိုနာအသင်းကို နေမာ ပြောင်းရွှေ့ခဲ့တဲ့အချိန်တုန်းက ဘရာဇီးလ်ကြယ်ပွင့်ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ အဲဒီအချိန်တုန်းက နေမာကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်လည်း El Nacional ရဲ့သတင်းအရ ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ဖခင်ဟာ သားဖြစ်သူကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ယခုရာသီမှာ ကောင်းမွန်တဲ့ ခြေစွမ်းရရှိနေခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားမှုလည်း ရှိနေခဲ့ပေမယ့်လည်း နေမာဟာ အင်္ဂလန်ကို ပြောင်းရွှေ့လိုခြင်းမရှိတာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းဟောင်းကိုလည်း ပြန်လည်ပြောင်းရွှေ့နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။
ဒီအခြေအနေက နေမာကို ရီးရဲလ်မက်ဒရစ်အသင်းကို သွားဖို့အတွက် လမ်းပွင့်လာစေခဲ့တာဖြစ်ပြီး အန်ဆလော့တီရဲ့အသင်းဟာ ကမ်းလှမ်းမှုကို သဘောကျနေပြီး ပီအက်စ်ဂျီကြယ်ပွင့်နဲ့ တစ်နိုင်ငံတည်းသား ဗင်နီးရှပ်စ် ဂျူနီယာနဲ့အတူ တိုက်စစ်မှာ တွဲဖက်ကစားစေဖို့ စဉ်းစားနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကနေ ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကြယ်ပွင့်ကစားသမားနဲ့ လမ်းခွဲလိုတဲ့ဆန္ဒရှိနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းကိုတော့ ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်တာဖြစ်ပါတယ်။
နေမာဟာ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အယ်လ် ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာကို မပြောင်းရွှေ့မီ ဘာနေဗျူးကနေ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီးရက်ဇ်က ဘရာဇီးလ်ကြယ်ပွင့်ကို ခေါ်၊ မခေါ် ဆုံးဖြတ်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘုတ်အဖွဲ့ဟာ ကစားသမားရဲ့ ပုံရိပ်နဲ့ အပြုအမူအပေါ် သံသယရှိခဲ့ကြတာကြောင့် အပြောင်းအရွှေ့ အမှန်တကယ် မဖြစ်မြောက်ခဲ့တာဖြစ်ပြီး နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။