မိဘတွေအနေနဲ့ အလုပ်သင့်ဆုံးကတော့ စာအုပ်တွေဖတ်ပြပေးတာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်ဖို့ကလည်း အရေးကြီးဆုံးအရာပါ။ ဒါကြောင့်မို့ ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတွေကို အင်္ဂလိပ်စာအခြေခံကောင်းနေစေဖို့၊ အလွယ်တကူ အင်္ဂလိပ်စကားပြောတတ်စေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတတ်ကြပါတယ်။ အင်္ဂလိပ်စာကောင်းဖို့ဆိုရင် အပြင်သင်တန်းတွေတက်တာ၊ အင်္ဂလိပ်ကျောင်းတွေထားပေးတာအပြင် အိမ်မှာနေရင်းလည်း အင်္ဂလိပ်စကားနဲ့ ကျွမ်းဝင်လာအောင် လုပ်သင့်တဲ့ နည်းလမ်းတွေကို ကြည့်ရအောင်ပါ။



စာအုပ်ဖတ်ပြပေးပါ။

မိဘတွေအနေနဲ့ အလုပ်သင့်ဆုံးကတော့ စာအုပ်တွေဖတ်ပြပေးတာပဲ ဖြစ်ပါတယ်။ ကလေးတွေက ပုံပြင်တွေ၊ ကာတွန်းတွေကို ကြိုက်တာဖြစ်တဲ့အတွက် စာအုပ်တွေကို အင်္ဂလိပ်လို ဖတ်ပြပေးမယ်ဆိုရင် သူတို့က အင်္ဂလိပ်စကားလုံးတွေကို နားထဲမှာ ယဉ်ပြီးတော့ သူတို့ အင်္ဂလိပ်စကား ပြောဆိုနိုင်ဖို့အတွက် အထောက်အကူကောင်းဖြစ်လာမှာပါ။  ဒါမှမဟုတ် သူတို့ကြိုက်တဲ့ မြန်မာပုံပြင်တွေထဲမှာ အင်္ဂလိပ်လို မှီငြမ်းပြီးတော့ ဘာသာပြန်ထားတဲ့ ပုံပြင်လေးတွေကို ဖတ်ပြပေးပါ။ ဒါဆိုရင်  သူတို့တွေအနေနဲ့ မြန်မာပုံပြင်သာမကဘဲ အင်္ဂလိပ်ပုံပြင်တွေကိုပါ တစ်ခါတည်းသိသွားမှာဖြစ်ပါတယ်။

Photo : Freepik

ဂိမ်းပေးဆော့ပါ။

ကလေးတွေက ဂိမ်းဆော့ရတာနှစ်သက်ပါတယ်။ ဂိမ်းဆော့တဲ့အခါမှာ အင်္ဂလိပ်စာလုံးတွေဆက်တာ မျိုး  ဒါမှမဟုတ် အင်္ဂလိပ်စာကို အတူတူလေ့လာလို့ရတဲ့ ဂိမ်းလေးတွေ အသုံးပြုပေးမယ်ဆိုရင် သူတို့ရဲ့လေ့လာမှုပိုပြီး မြင့်တက်လာမှာပါ။ ဒီအချိန်မှာ တစ်ခြားအပျော်ဂိမ်းများကို ဆော့နေမယ့်အစား အင်္ဂလိပ်စာကိုတစ်ခါတည်းသင်ယူသွားနိုင်တဲ့ ဂိမ်းလေးတွေကို ဆော့တာက ကလေးတွေအတွက် ပိုအကျိုးရှိစေမှာပါ။

Photo : Freepik

သီချင်းဖွင့်ပြတာ၊ နားထောင်ထာမျိုးလုပ်ပေးပါ။

အင်္ဂလိပ်သီချင်းလေးတွေကို ပေးနားထောင်တာမျိုး လုပ်ပေးမယ်ဆိုရင် ကလေးတွေက အင်္ဂလိပ်စကားတွေကို မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူနဲ့ သူတို့နားထဲမှာ စွဲပြီးတော့ ပြောတတ်လာမှာပဲ ဖြစ်ပါတယ်။ သီချင်းထဲမှာ သူတို့ ဦးနှောက်အတိုင်းအတာနဲ့ မှတ်မိလွယ်နိုင်မယ့် စကားလုံးအသစ်လေးတွေပါလာရင် တစ်ခါတည်းပြောပြပြီး သင်ပေးပါ။

Photo : Freepik

အိမ်မှာ Home Language အဖြစ်အသုံးပြုပေးပါ။

မိဘတွေအနေနဲ့ အိမ်မှာနေတဲ့အခါ home language လေးတွေ အသုံးပြုပေးပါ။  သူတို့ကို တစ်ခုခုခိုင်းတဲ့အခါ၊ သူတို့ဘက်က တစ်ခုခုတောင်းဆိုတဲ့အခါမှာ Yes , No,  Sorry , Please စသဖြင့် အဲဒီလိုစကားမျိုးလေးတွေ အမြဲတမ်းပြောပေးပါ။ ဒါမှသာ ကလေးတွေကအင်္ဂလိပ်လို မြန်မြန်ပြောထွက်လာမှာဖြစ်ပါတယ်။  အပြောပိုင်းက အားနည်းနိုင်တာဖြစ်လို့ မိဘက အရှေ့ကနေ များများပြောရပါမယ်။ ဒါမှလည်း ကလေးတွေက သူတို့ ပါးစပ်ကနေ အင်္ဂလိပ်စကားကို လွယ်လွယ်ကူကူနဲ့ ပြောရဲလာမှာဖြစ်ပါတယ်။

သူတို့မှားတတ်တဲ့အမှားလေးတွေကို လျစ်လျူရှုပေးပါ။

ကလေးတွေက ဒုတိယဘာသာ စကားကိုလေ့လာတဲ့အခါမှာ မိခင်ဘာသာစကားနဲ့ ရောပြီးပြောတတ်ပါတယ်။ သူတို့ မှားပြောမိတဲ့အခါ ဖေဖေမေမေတို့အနေနဲ့ အဲဒါတွေကို လျစ်လျူရှုပြီးတော့ သူတို့ပြောချင်တဲ့၊  သူတို့လိုချင်တဲ့ ပစ္စည်းလေးတွေကို အင်္ဂလိပ်လို ပြောခိုင်းပါ။

“ သူတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ် ရွယ်တူသူငယ်ချင်းတွေနဲ့ ပြောနိုင်မယ့် နွေရာသီ အင်္ဂလိပ်သင်တန်းလိုနေရာတွေကို ပို့ပေးရင်လည်း ပိုပြီးကောင်းနိုင်ပါတယ်။ အင်္ဂလိပ်စကားများများပြောတဲ့ပတ်ဝန်းကျင်မှာတော့  သူတို့ရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည်က ပိုပြီးထိရောက်မှာပါ။ ဒါကြောင့်မို့ ကလေးတွေကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာနဲ့ အကျွမ်းတဝင်လုပ်ထားပေးမယ်ဆိုရင် ကြီးလာတဲ့အခါမှာ သီးသန့်ကြီးအချိန်ပေးစရာမလိုတော့ပါဘူး”

ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ Success Language Academy က Language Instructor တစ်ဦးဖြစ်သူ ဆရာမ Ronny ပြောပြချက်များကို ပြန်လည်ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

 

Share

က္က