ရော်နယ်ဒိုဟာ သူ့သားကြီးဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာအပေါ် ဝေဖန်နေတဲ့သူတွေကို ပြန်လည်တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ အသက် (၁၂) နှစ်အရွယ် ဂျူနီယာဟာ ရော်နယ်ဒိုရဲ့ခြေရာကို နင်းနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။
ဒါ့အပြင် ရော်နယ်ဒိုကိုယ်တိုင်ကလည်း သူ့ရဲ့သားအကြီးဆုံးအပေါ် မျှော်လင့်ချက် အပြည့်အဝထားပြီး လိုအပ်တာတွေကို ချင့်ချိန်ဖြည့်ဆည်းပေးနေပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာတော့ ဂျူနီယာက Nike နဲ့ Adidas အမှတ်တံဆိပ်ပါ အဝတ်အစားတွေကို တပြိုင်တည်း ဝတ်ဆင်ခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။
ရော်နယ်ဒိုရဲ့အမေဖြစ်သူ အယ်လ်ဗာရိုဒိုလိုရက်စ်က မြေးအဘွားနှစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံကို Follower (၂.၆) သန်းရှိတဲ့ အင်စတာဂရမ်ကတဆင့် ပရိသတ်တွေဆီ မျှဝေခဲ့ပါတယ်။ အဲ့ဒီပုံထဲမှာ ဂျူနီယာက Nike အမှတ်တံဆိပ်ပါ အမည်းရောင်အနွေးထည်နဲ့ Adidas အမှတ်တံဆပ်ပါ အဖြူရောင်ခြေအိတ်တို့ကို ဝတ်ဆင်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ (၂၀၁၆) မှာ ရော်နယ်ဒိုက နာမည်ကျော် Nike ကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ (၁) ဘီလီယံတန်ကြေးရှိ (၁၀) နှစ်တာ စပွန်ဆာစာချုပ်ကို ချုပ်ဆိုထားပါတယ်။ ရော်နယ်ဒိုဟာ Nike ရဲ့ ကြော်ငြာတွေအတွက် မရှိမဖြစ် အရေးပါတဲ့သူတယောက်ဖြစ်နေချိန်မှာ ရော်နယ်ဒိုရဲ့သားကတော့ ဒီလိုမျိုး Adidas အမှတ်တံဆိပ်ပါ ခြေအိတ်ကို ဝတ်ဆင်ခဲ့တာက လူပြောများစရာဖြစ်ခဲ့တာပါ။
ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့သားအပေါ် ဝေဖန်မှုတွေကို နည်းနည်းလေးမှ သည်းမခံခဲ့ပါဘူး။ ဒီအတွက်လည်း သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရော်နယ်ဒိုက “ငါ့သားက သူဝတ်ချင်တာ သူဝတ်လိမ့်မယ်။ ခင်ဗျားတို့ မြင်ချင်တဲ့အတိုင်း ဝတ်မှာမဟုတ်ဘူး” လို့ နောက်ပြောင်တဲ့ အီမိုဂျီနဲ့တကွ ရေးသားတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီကနေ့ညမှာ အဲဗာတန်နဲ့ အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဖျားနာနေတာကြောင့် လက်စတာနဲ့ပွဲကိုလွဲချော်ခဲ့ရတဲ့ ရော်နယ်ဒိုတယောက် ဒီနေ့ပွဲမှာတော့ ယူနိုက်တက်အတွက် ပြန်လည်ပွဲထွက်လာမှာဖြစ်ပါတယ်။