အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သမီးငယ်လေး ဆေးရုံတင်ခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက အခိုင်အမာဖော်ပြခဲ့ပြီး သူနဲ့ဂျော်ဂျီနာတို့နှစ်ယောက်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့မှာရှိတဲ့ ဆေးရုံအတွင်း မြင်တွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုတို့ စုံတွဲကို ဆေးရုံအတွင်း ဝတ်ဆင်ရတဲ့ ဝတ်စုံတွေနဲ့ မြင်တွေ့ခဲ့ရတာဖြစ်ပြီး မီဒီယာတွေကလည်း သတင်းဓာတ်ပုံတွေနဲ့ ခိုင်ခိုင်မာမာ ဖော်ပြခဲ့ပါတယ်။
အခု ဆေးရုံတင်ရတဲ့ သမီးဟာ ရော်နယ်ဒိုအတွက် နောက်ဆုံးထွန်းကားခဲ့တဲ့ အမြွှာနှစ်ယောက်အနက် တစ်ယောက်ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပေမယ့် တရားဝင်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ အဆိုပါ ကလေးငယ်ရဲ့ အမြွှာယောကျ်ားလေးဟာ မွေးဖွားချိန်မှာတင် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သမီးလေးတစ်ယောက်သာ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။
အခု ကလေးငယ်ဟာ အူအတက်ကို ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဆေးရုံတက်ကုသခဲ့ရကြောင်းလည်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဒီရက်ပိုင်းအတွင်းမှာ သူ့ရဲ့ ကွင်းပြင်ပ မိသားစုကိစ္စတွေကြောင့် တော်တော်လေး ဗျာများနေရတယ်လို့ ဆိုရမှာပါ။
ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ အဆင်မပြေဖြစ်နေပြီး ရော်နယ်ဒိုအနေနဲ့ သူ့ချစ်သူရဲ့ အသုံးအဖြုန်းကြီးမှုအပေါ် စိတ်ကုန်နေကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ သူ့ချစ်သူနဲ့ အနမ်းချင်းဖလှယ်နေတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာအပေါ် မျှဝေပြီး ဒီသတင်းတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုချိန်မှာတော့ မကြာခင်ကမှ တစ်နှစ်ပြည့်မြောက်ထားတဲ့ သမီးလေးကို ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ဆော်ဒီမြေမှာ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့် ဥရောပဘောလုံးရာသီမှာ ဥရောပမှာ ပြန်ကစားဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ကစားသမားကိုယ်တိုင်က ဆော်ဒီမြေမှာ ရေရှည်ကစားဖို့ ဆန္ဒမရှိဘဲ အခွင့်အရေးရလာခဲ့ရင် ဥရောပကို ပြန်လာဖို့ ရည်ရွယ်ထားတာပါ။ လက်ရှိအချိန်မှာတော့ သူ့ကို ခေါ်ယူဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသလောက်ရှိနေတဲ့ နယူးကာဆယ်က ရေပန်းစားနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။