ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကြေညာသွားမှာပါ။

ဖီဖာက ပေးအပ်ချီးမြှင့်နေတဲ့ The Best ဆုအတွက် နောက်ဆုံး ၃ ဦးစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ ဆန်ခါတင်ကစားသမားပေါင်း ၁၄ ဦးအထိကို​ ပြီးခဲ့တဲ့လက ရွေးချယ်ထုတ်ပြန်ခဲ့ပြီး အခုအခါမှာ နောက်ဆုံးအနေနဲ့ ကစားသမား ၃ ဦးတည်းသာ ရွေးချယ်ခဲ့ရာမှာ ဘန်ဇီမာ၊ မက်ဆီနဲ့ ဘတ်ပီတို့ ၃ ဦး ကျန်ရှိခဲ့ပြီး ဘယ်သူက ဆွတ်ခူးသွားမလဲဆိုတာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာခဲ့ပါပြီ။ 

ဒီကစားသမား ၃ ဦးသာ ကျန်ရှိနေတာကလည်း အငြင်းပွားစရာဘာမှမရှိဘူးလို့ စပိန်သတင်းစာ Marca က ရေးသားခဲ့ပါတယ်။ ဘန်ဇီမာနဲ့ ဘတ်ပီတို့ကတော့ ဒီဆုကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့အတွက် မျှော်လင့်နိုင်မှာဖြစ်ပြီး မက်ဆီကတော့ ၂၀၁၉ မှာ ဒီဆုကို ရယူနိုင်ခဲ့ကာ ဒုတိယအကြိမ်မြောက်အဖြစ် သူ ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

ဘန်ဇီမာကတော့ ဘလွန်းဒီအောဆုနဲ့ UEFA တနှစ်တာအကောင်းဆုံးကစားသမားဆုတွေကို ပြီးခဲ့တဲ့ရာသီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ မက်ဆီက ရေပန်းအစားဆုံးဖြစ်နေကာ သူ့ရဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့မှုက ဘန်ဇီမာနဲ့ ဘတ်ပီတို့ထက် ခေါင်းတလုံးအသာစီးရရှိနေပြီး ဘတ်ပီကတော့ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး မက်ဆီကို ဆုဖလားအတွက်ရော၊ ရွှေဖိနပ်ဆုအတွက်ပါ ဖိအားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

ဒါ့အပြင် ဘတ်ပီအတွက် အခုလိုမျိုး နောက်ဆုံး ၃ ဦးစာရင်းမှာ ကျန်နေရစ်ခဲ့မှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ဘောလုံးလောကရဲ့ အမြင့်မားဆုံးတဦးချင်းကစားသမားဆုတွေကို ရယူနိုင်ဖူးခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ပြီးခဲ့တဲ့ရာသီမှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ပြီး တနှစ်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့ကာ ကမ္ဘာ့ဖလားမှာ ဒုတိယနေရာ ရရှိခဲ့သူဖြစ်ပါတယ်။ 

ဒီဆုကိုတော့ လာမယ့် ၂၇ ရက်နေ့မှာ ရွေးချယ်ကြေညာသွားမှာဖြစ်ပြီး အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးကစားသမား ၁၁ ယောက်နဲ့ အခြားသော ဆုအများအပြားကိုပါ ကြေညာသွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က