အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ သတင်းတွေ ကြိုတင်ထွက်ပေါ်ခဲ့သလို FIFA The BEST ဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ မနေ့ညက ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဆုရရှိသူကို ကြေညာခဲ့ပြီး မက်ဆီက ဒီဆုကို ၇ ကြိမ်မြောက်အဖြစ် စံချိန်တင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီကစားသမားဘ၀ ပထမဆုံးရာသီမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ မက်ဆီဟာ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပြနေခဲ့သလို အာဂျင်တီးနားကိုလည်း ဦးဆောင်ခဲ့ကာ ကမ္ဘာ့ဖလားကို ရယူနိုင်အောင် အဓိကနေရာကနေ ပါဝင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ မက်ဆီက ဘန်ဇီမာ၊ ဘတ်ပီတို့နဲ့ ပြိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြင်သစ်သားနှစ်ဦးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
"အရမ်းကို အံ့အားသင့်စရာကောငး်ပါတယ်၊ ကြီးကျယ်ခမ်းနားတဲ့နှစ်တနှစ်ဖြစ်ခဲ့ပြီး ဒီနေ့ည၊ ဒီနေရာမှာ ကျနော်ရှိနေခဲ့ပြီး ဒီဆုကိုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ကျနော့်အသင်းဖော်တွေမရှိဘဲနဲ့ ဒီနေရာကို ရောက်လာမှာမဟုတ်ပါဘူး၊ ကျနော်မျှော်လင့်ထားတဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေခဲ့တာ ကြာပါပြီ၊ ဒါကို အောင်မြင်အောင်လုပ်နိုင်တဲ့သူက အနည်းငယ်သာရှိပြီး ကျနော်ကံကောင်းခဲ့ပါတယ်" လို့ မက်ဆီက ဆုလက်ခံရယူအပြီးမှာ ပြောဆိုခဲ့ပါတယ်။
မက်ဆီရဲ့ လက်ရွေးစင်အသင်းဖော်ဂိုးသမား အီမီမာတီနက်ဇ်ကတော့ အကောင်းဆုံးဂိုးသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားနည်းပြစကာလိုနီကလည်း အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ကာ အာဂျင်တိုင်းသားတွေ လွှမ်းမိုးတဲ့ညတညဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ရမှတ် ၅၂ မှတ်ရရှိခဲ့ပြီး ဘတ်ပီက ၄၄ မှတ်၊ ဘန်ဇီမာက ၃၄ မှတ်နဲ့ အစဉ်လိုက်ရှိနေခဲ့ပြီး မိုဒရစ်၊ ဟာလန်း၊ မာနေးတို့က သူတို့နောက်မှာ ရပ်တည်ခဲ့ပါတယ်။
တနှစ်တာအကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ရာမှာ ကော်တွိုက်စ် (ဂိုး)၊ ဟာကီမီ၊ ကန်ဆယ်လို၊ ဗန်ဒိုက်၊ ဒီဘရိုင်း၊ မိုဒရစ်၊ ကက်စ်မဲရိုး၊ မက်ဆီ၊ ဘတ်ပီ၊ ဘန်ဇီမာနဲ့ ဟာလန်းတို့ ပါဝင်ခဲ့ကြပါတယ်။ အာဂျင်တီးနားပရိသတ်တွေကတော့ အကောင်းဆုံး ပရိသတ်ဆုကိုရှိခဲ့ကာ ပြင်သစ်မှာ အာဂျင်တီးနားတို့ ဆုအများဆုံးဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။