မနေ့က ကစားခဲ့တဲ့ မာဆေးလ်နဲ့ ပြင်သစ်လီဂူးပွဲမှာ မက်ဆီက ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူခဲ့ပြီး အသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ Coupe de France ဖလားပွဲမှာ အရေးနိမ့်ခဲ့မှုကို ပီအက်စ်ဂျီတို့ လက်စားပြန်ချေနိုင်ခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဘတ်ပီက ၂ ဂိုးသွင်းယူခဲ့ပြီး မက်ဆီရဲ့ ဖန်တီးပေးမှုနှစ်ကြိမ်မှာ တကြိမ်က တော်တော်လေး လှပခဲ့ပါတယ်။
ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ မက်ဆီဟာ ကလပ်သွင်းဂိုးပေါင်း ၇၀၀ အထိ ပြည့်သွားခဲ့ပြိဖြစ်ပါတယ်။ သူက ဘာစီလိုနာအတွက် ၆၇၂ ဂိုးသွင်းယူကာ ပီအက်စ်ဂျီအတွက် ၂၈ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီဟာ ရော်နယ်ဒိုပြီးနောက် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ကလပ်သွင်းဂိုး ၇၀၀ ပြည့်တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒီရာသီမှာ မက်ဆီက ပြိုင်ပွဲစုံ ၂၈ ပွဲကစားပေးထားပြီး ၁၇ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ညက အသင်းရရှိခဲ့တဲ့ ဂိုးအားလုံးမှာလည်း သူ ပါဝင်ပတ်သက်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒီနေ့မှာ ပေးအပ်ချီးမြှင့်သွားမယ့် FIFA The BEST ဆုပေးပွဲမတိုင်ခင်မှာ သူက အခုလိုခြေစွမ်းပြခဲ့တာဖြစ်ပြီး ဒီဆုကို ရရှိဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။
မနေ့ကထွက်ပေါ်လာတဲ့ သတင်းတွေအရ မက်ဆီဟာ ဒီဆုကို ဘန်ဇီမာနဲ့ ဘတ်ပီတို့ကို ကျော်ဖြတ်ကာ ရယူထားနိုင်ခဲ့ပြီလို့ သတင်းပေါက်ကြားလာခဲ့ပါတယ်။ ပဲရစ်မှာ ဒီနေ့ညမှ ဆုပေးပွဲကို ပြုလုပ်သွားမှာဖြစ်ကာ ဆုရရှိသူကို တရားဝင်ကြေညာသွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီသာ ရရှိမယ်လို့လည်း အားလုံးက ယုံကြည်ထားပါတယ်။