တစ်နှစ်တာရဲ့အကြီးဆုံး Ti9 ပြိုင်ပွဲအပြီးမှာတော့ ဘောလုံးရာသီအသစ်တစ်ခု စတင်သလိုပဲ Dota 2 အသင်းတွေဟာလည်း လူစာရင်းပြောင်းလဲမှုတွေ လုပ်ကြတော့မှာပါ။

  The International ပြိုင်ပွဲကြီးဟာ Dota2 ရဲ့ အကြီးမားဆုံး ဆုကြေးအများဆုံးပြိုင်ပွဲကြီး ဖြစ်ပြီး ရာသီတစ်ခုရဲ့ နောက်ဆုံးပြိုင်ပွဲတစ်ခုလို့လည်း သတ်မှတ်ကြပါသေးတယ်။


ပရော်ဖက်ရှင်နယ် Dota2 အသင်းများဟာ လူစာရင်းအပြောင်းအလဲတွေကို The International အပြီးမှာ အများဆုံးပြုလုပ်လေ့ရှိပြီး ဒီလိုအချိန်မှာပဲ ကစားသမားအသစ်တွေ အသင်းအသစ်တွေ ပေါ်ထွန်းလာတတ်တာကြောင့် ပရိသတ်အများက စိတ်ဝင်တစား စောင့်ကြည့်ကြလေ့ရှိပါတယ်။ အခုလို The International 9 အပြီးမှာလည်း ခြေလှမ်းသစ်စချင်တဲ့ အသင်းတွေဟာ ကစားသမားတွေအသစ်တွေကို ခေါ်ယူဖို့ ကြံရွယ်နေကြပြီး အသင်းဟောင်းနဲ့လက်တွဲဖြုတ်ချင်တဲ့ ကစားသမားတွေကလည်း အသင်းအသစ်ကို ရှာဖွေနေကြပါပြီ။



လက်ရှိအချိန်မှာတော့ Dota2 အသင်းတွေရဲ့ လူစာရင်းအပြောင်းအလဲကောလာဟလတွေဟာ အင်တာနက်တစ်ခွင်မှာ ပလူပျံနေပြီပဲဖြစ်ပါတယ်။ အချို့ကတော့ တရားဝင်အတည်ပြုပြီးသား သတင်းတွေဖြစ်ပေမယ့် အားလုံးနီးပါးကတော့ မသေချာသေးတဲ့ ကောလာဟလအဖြစ်နဲ့သာ ရှိနေပါတယ်။ ဒါကြောင့် ကောလာဟလသတင်းတွေကို ချန်လှပ်ပြီး တရားဝင်အတည်ပြုပြီးသား ကစားသမားအပြောင်းအလဲ၊ အသင်းအပြောင်းအလဲတွေကို ပြောပြပေးသွားပါမယ်။


MINESKI ကနေ ထွက်ခွာသွားပြီဖြစ်တဲ့ NINJABOOGIE, NICOBABY နှင့် RAGING POTATO

         Mineski ဟာ အံ့အားသင့်စရာလက်စွမ်းတွေနဲ့အတူ TI မှာ အဆင့် ၉ နေရာအထိ ရောက်ရှိခဲ့ပေမယ့် ပြိုင်ပွဲကြီးပြီးလို့ သိပ်မကြာခင်မှာပဲ အသင်းခေါင်းဆောင်ဖြစ်သူ Ninjaboogie တစ်ယောက် အသင်းမှထွက်ခွာသွားခဲ့ပါတယ်။


Ninjaboogie ဟာ Mineski အသင်းမှာ နှစ်အတော်အကြာ ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းအတွက် အောင်မြင်မှုတွေကို ဆွတ်ခူးပေးခဲ့သူတစ်ဦးပါ။ သို့ပေမယ့် Ninjaboogie ဟာ Mineski မှာ ဆက်ပြီးမကစားလိုတော့ပဲ အသင်းအသစ်နဲ့အတူ အတွေ့အကြုံအသစ်တွေ ရှာဖွေလိုတာကြောင့် ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ninjaboogie တစ်ယောက် အသင်းမှထွက်ကြောင်း ကြေညာပြီး များမကြာခင်မှာပဲ Position 4 ကစားသမားဖြစ်သူ Raging Potato နဲ့ Position 1 ကစားသမားဖြစ်သူ Nikobaby တို့ကပါ အသင်းမှထွက်ခွာသွားပြီဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာတော့ Mineski အသင်းမှာ Moon နဲ့ Kpii တို့သာ ကျန်ရှိနေပြီး သူတို့အနေနဲ့ အသင်းမှာဆက်နေမလား ထွက်ခွာမလားဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။



DOTA2 အသင်းကိုဖျက်သိမ်းလိုက်တဲ့ COMPLEXITY GAMING

         မြောက်အမေရိကန်အခြေစိုက် Dota2 အသင်းတစ်သင်းဖြစ်တဲ့ Complexity Gaming ကလည်း TI9 ပြိုင်ပွဲကျင်းပပြီးစီးတဲ့ရက်မှာ သူတို့အသင်းမှ ကစားသမားအားလုံးကို ထုတ်ပယ်ကာ အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။


Complexity Gaming ဟာ ပြီးခဲ့တဲ့တစ်နှစ်တာပတ်လုံး ကစားသမားအပြောင်းအလဲ မြောက်များစွာကို ပြုလုပ်ခဲ့ရပြီး တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ DPC အမှတ်ပေးတဲ့ ပြိုင်ပွဲတော်တော်များများမှာ စောစာစီးစီးထွက်ခွာခဲ့ရပြီး Dota2 ကစားသမားတိုင်းရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ The International ပြိုင်ပွဲကြီးကိုလည်း ဝင်ခွင့်မရခဲ့ပါဘူး။

ဒါကြောင့် Complexity Gaming ဟာ သူတို့ရဲ့သက်တော်ရှည်ကစားသမားကြီး Zfreak ပါဝင်တဲ့ roster ကို ထုတ်ပယ်ကာ အသင်းကို ဖျက်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ အသင်းဖျက်သိမ်းတာ ယာယီပဲဖြစ်ပြီး နောက်လာမယ့် DPC Season မှာ ကစားသမားအသစ်တွေနဲ့ ပြန်လာဖို့ ကြိုးစားသွားဦးမယ်လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။



DOTA2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ FADE

         Fade ဟာ ဒီနှစ်ရဲ့ TI Champion ဖြစ်ဖို့ ထင်ကြေးအပေးခံရဆုံးအသင်းဖြစ်တဲ့ Vici Gaming က Position 4 ကစားသမားပါ။ သို့ပေမယ့် Vici Gaming ဟာ ဒီနှစ်မှာ ကံမကောင်းအကြောင်းမလှခဲ့ပဲ အဆင့် ၆ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။


တရုတ် Dota2 ပရော်ဖက်ရှင်နယ်လောကဟာ အခြားသောနယ်ပယ်တွေနဲ့မတူဘဲ တော်တော်လေးကို ပြင်းထန်လှပါတယ်။ တော်ရုံဖိအားဒဏ်ကိုမခံနိုင်ဘဲ တရုတ်နိုင်ငံမှာ အောင်မြင်တဲ့ Dota2 ပရော်ဖက်ရှင်နယ်ကစားသမားမဖြစ်လာနိုင်ပါဘူး။ Fade ကတော့ အဲဒီဒဏ်တွေကို နှစ်အတော်ကြာ ခံလာခဲ့ပြီးမှ နောက်ဆုံးမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။

အခုလိုအနားယူဖို့ဆုံးဖြတ်လိုက်တာဟာ TI ပြိုင်ပွဲမှာ ရလဒ်မကောင်းတာကြောင့်လို့ ဆိုကြသလို၊ TI ပြိုင်ပွဲအပြီး ကစားသမားအပြောင်းအလဲ အရှုပ်အရှင်းတွေကြောင့်လို့လည်း ဆိုကြပါတယ်။ Fade ကတော့ သူအနားယူတော့မယ့်အကြောင်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ Weibo အကောင့်မှာ " ကျွန်တော် ကစားသမားဘဝကနေ အနားယူတော့မှာပါ။ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေလည်း ဒီမှာတင်ပြီးဆုံးသွားဖို့ မျှော်လင့်ပါတယ်.. ကျွန်တော်ကတော့ ပဋိပက္ခတွေရဲ့ အလယ်ကောင်ကိုရောက်နေတဲ့အတွက် တော်တော်လေးကို ပင်ပန်းနေပါပြီ.. ကျွန်တော် Dota2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝနဲ့ နှစ်အတော်ကြာအောင် ကစားခဲ့ပြီး အမှားအများကြီး လုပ်ခဲ့ဖူးသလို အမှတ်တရတွေအများကြီး ရခဲ့ပါတယ်..အားလုံးကို ဒီမှာတင်အဆုံးသတ်ပြီး Dota ကို ရိုးရှင်းပျော်ရွှင်စွာကစားခွင့်ရမယ့် သာမန်လူဘဝကိုပဲ ပြန်သွားတော့ပါမယ်" လို့ရေးသားခဲ့ပါတယ်။

သူ့ရဲ့စကားအရ တရုတ် Dota2 အသင်းတွေကြားက အရှုပ်အရှင်းတွေကြောင့် အနားယူသွားတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် Dota ကို အပူအပင်မရှိ ပျော်ပျော်ရွှင်ရွှင်ပဲ ကစားချင်တဲ့ Fade အနေနဲ့ သူလိုချင်တဲ့ဘဝမျိုး ပိုင်ဆိုင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က