The International အလွန်ကာလဟာ Dota2 ပရော်ဖက်ရှင်နယ်လောကမှာတော့ လူစာရင်းများ အကြီးအကျယ်ပြောင်းလဲတဲ့ကာလဖြစ်တာကြောင့် နောက်တစ်နှစ်စာ တိုက်ပွဲဝင်ဖို့အတွက် ပြင်ဆင်နေတဲ့ကာလ လို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။
ကစားသမားအပြောင်းအလဲတွေကို တင်ဆက်ပေးလာတာ ယခုဆိုရင် နံပါတ် ၃ အထိရောက်ရှိလာပြီဖြစ်ပြီး ရှေ့လျှောက်လည်း ကစားသမားအပြောင်းအလဲသတင်းများကို အချိန်နဲ့တပြေးညီ ဖော်ပြပေးသွားပါမယ်။
KEEN GAMING ကိုရောက်ရှိသွားတဲ့ MUSHI
Dota2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို သံယောဇဉ်မဖြတ်နိုင်တဲ့ Mushi တစ်ယောက်ကတော့ လာမယ့် 2019-2020 DPC Season မှာ အသင်းသစ်နဲ့ တိုက်ပွဲဝင်သွားဦးမှာပဲဖြစ်ပါတယ်။ Mushi ဟာ အရှေ့တောင်အာရှနဲ့ တရုတ် Dota2 အသင်းများစွာတို့မှာ ကစားခဲ့ဖူးပြီး ၂၉ နှစ်အရွယ်ရှိ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးပါ။
The International 9 ပြိုင်ပွဲကြီးမှာ Mineski အသင်းရဲ့ Coach အဖြစ်တာဝန်ယူပေးခဲ့ပြီး ယခုအခါမှာတော့ တရုတ်အခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့ Keen Gaming ကိုရောက်ရှိလို့သွားပါပြီ။ Keen Gaming ရဲ့ Position 5 ကစားသမားဖြစ်သူ Dark ရဲ့နေရာမှာ အစားဝင်တာဖြစ်ပြီး Dark အနေနဲ့ Coach အဖြစ်ဆက်ရှိနေမလား အသင်းအသစ်ကို ပြောင်းရွှေ့မလားဆိုတာကိုတော့ မသိရသေးပါဘူး။
Keen Gaming ရဲ့ လက်ရှိ Roster ကတော့ -
1. old chicken
2. 一
3. eLeVeN
4. kaka
5. Mushi တို့ပဲဖြစ်ပါတယ်။
တစ်ချိန်က တရုတ် Dota2 ပရော်ဖက်ရှင်နယ်လောကမှာ ထိတ်ထိတ်ကြဲအသင်းတွေဖြစ်ခဲ့တဲ့ Team DK, Ehome တို့လိုအသင်းတွေမှာ ကစားခဲ့ဖူးသူ Mushi အနေနဲ့ လက်ရှိ Keen Gaming မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်အောင် စွမ်းဆောင်သွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
DOTA2 PRO SCENE ထဲကိုဝင်ရောက်လာတဲ့ LOWKEY ESPORTS
အမေရိကန်အခြေစိုက် Esports Organization တစ်ခုဖြစ်တဲ့ Lowkey Esports ကတော့ Dota2 Professional Scene ထဲကိုဝင်ရောက်လာပါပြီ။ အမေရိကန်အခြေစိုက်အဖွဲ့အစည်းဖြစ်ပေမယ့် Dota2 အသင်းကို SEA Region မှာ လာဖွဲ့စည်းတာကတော့ ထူးခြားချက်ပါပဲ။
Lowkey Esports က စာချုပ်ချုပ်ဆိုခေါ်ယူလိုက်တဲ့ ကစားသမားတိုင်းဟာ ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ပြီး အများစုကတော့ မျက်နှာသစ်ကစားသမားတွေပါ။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားကစားသမားဆိုလို့ TNC ကစားသမားဟောင်း Sam H နဲ့ Clutch Gamer ကစားသမားဟောင်း Flysolo တို့သာ ပါဝင်ပါတယ်။ Lowkey Esports ရဲ့ Roster အပြည့်အစုံကတော့
1. Skadilicious
2. Yowe
3. Sam H
4. LuziFy
5. Flysolo
Coach/Manager - Klo တို့ပဲဖြစ်ပါတယ်။
မျက်နှာသစ်ကစားသမားတွေပါဝင်တဲ့ Lowkey Esports အနေနဲ့ ဘယ်ခရီးထိပေါက်ရောက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
DOTA2 ပြန်ကစားဦးမယ်ဆိုတဲ့ FADE
မကြာသေးခင်ကမှ Dota2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူတော့မယ်ဆိုတဲ့ Fade တစ်ယောက်က ယခုတစ်ခါမှာတော့ အခြားအသင်းအသစ်နဲ့အတူ ပြန်လာခဲ့ပါပြီ။ သူလက်ရှိကစားမယ့်အသင်းကတော့ Legendary Dota ကစားသမားကြီးတစ်ဦးဖြစ်သူ BurNing ပိုင်ဆိုင်တဲ့ Team Aster မှာပဲဖြစ်ပါတယ်။
Fade ဟာ Vici Gaming ရဲ့ ကစားသမားဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့လကမှ တရုတ်အသင်းတွေကြားက ပဋိပက္ခတွေကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့တာပါ။ သို့ပေမယ့် မကြာသေးခင်ကမှ ပြဿနာကိုရင်မဆိုင်ဘဲ ကစားသမားဘဝကနေ အနားယူတာဟာ သူရဲဘောကြောင်ကြောင်း ဝန်ခံပြောကြားကာ အသင်းသစ် Aster ကိုရောက်ရှိသွားကြောင်းကို အသိပေးကြေညာခဲ့ပါတယ်။
Fade ဟာ ဒီနှစ်ရဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ Vici Gaming နဲ့ စာချုပ်ပြည့်သွားတာကြောင့် Aster ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ Vici Gaming မှာ Position 4 Support အဖြစ်ကစားခဲ့ပေမယ့် Aster မှာတော့ Position 5 Support အဖြစ် ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Aster မှာ တစ်ချိန်က Newbee အသင်းနဲ့အတူ တောက်ပခဲ့ဖူးတဲ့ Sccc လည်းရောက်ရှိနေတာကြောင့် လက်ရှိလူစာရင်းနဲ့ Aster ဟာ စောင့်ကြည့်ရမယ့် တရုတ်အသင်းတစ်သင်းဖြစ်လာမှာပါ။
လက်ရှိ Aster ရဲ့ Roster ကတော့
1. Sccc
2. ChYuan
3. Xxs
4. BoBoKa
5. Fade တို့ပဲဖြစ်ပါတယ်။
Sccc ဟာ Position 2 Mid ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ Position 1 Carry အဖြစ် ပြောင်းကစားသွားမှာပါ။ Role ပြောင်းထားတဲ့ Sccc နဲ့ Fade တို့နှစ်ဦး အချိန်တိုအတွင်းမှာ အသင်းနဲ့အသားတကျဖြစ်ပြီး အရင်လိုအောင်မြင်မှုတွေကို ပြန်လည်ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်းပြုလိုက်ရပါတယ်။
Written by Myo Thant Kyaw
Share