တစ်နှစ်မှာတစ်ခါပဲကျင်းပတဲ့ ကမ္ဘာ့ဆုကြေးအများဆုံး Dota2 ပြိုင်ပွဲကြီး The International အလွန်မှာ ဖြစ်ပျက်လေ့ရှိတဲ့ ကစားသမားအပြောင်းအလဲများကို တင်ဆက်ပေးလာတာဟာ နံပါတ် ၄ အထိတောင် ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာရော ဘယ်အသင်းတွေက ဘယ်လိုအပြောင်းအလဲပြုလုပ်ထားလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ကစားသမားအသစ်တွေနဲ့မိတ်ဆက်လိုက်တဲ့ TNC PREDATOR
The International 9 အပြီး ရက်အနည်းငယ်ခန့်အကြာမှာ TNC ရဲ့ ပင်တိုင်ကစားသမား တစ်ယောက်ဖြစ်တဲ့ KuKu ဟာ အသင်းကနေထွက်ခွာပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ယက်ကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာခဲ့ပေမယ့် အသင်းဘက်ကတော့ တရားဝင်အတည်မပြုခဲ့တာကြောင့် စောင့်ကြည့်သူအပေါင်းကတော့ သို့လောသို့လော ဖြစ်ခဲ့ကြပါတယ်။
အခုတစ်ခါမှာတော့ အားလုံးရှင်းလင်းလို့သွားပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ TNC ဘက်က သူတို့နဲ့အတူ TI9 မှာတိုက်ပွဲဝင်ခဲ့တဲ့ KuKu နဲ့ eyyou တို့နှစ်ဦးဟာ အသင်းမှထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်အပြီး ခဏအကြာမှာပဲ အစားဝင်လာတဲ့ ကစားသမားနှစ်ယောက်ကိုပါ တစ်ခါတည်းမိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့ကတော့ Kpii နဲ့ March ပါ။
Kpii ဟာ သြစတြေးလျနိုင်ငံသားဖြစ်ပြီး တရုတ်အသင်း Newbee နဲ့လူသိများခဲ့တဲ့ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ၉ လပိုင်းမှာ Mineski ကိုရောက်ရှိခဲ့ပြီး TI9 မှာလည်း Mineski နဲ့အတူ 9-12th နေရာအထိ ရရှိခဲ့ပါတယ်။ အခုတစ်ခါမှာတော့ SEA Region ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ TNC ကိုပြောင်းရွှေ့လာခဲ့ပြီဖြစ်ပြီး အရင်တုန်းကလို Position 3 ပဲဆက်လက်ကစားသွားမှာပဲဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ ကိုရီးယားနိုင်ငံသား March ပါ။ March ကတော့ TI9 ကာလမှာ Fnatic ရဲ့ Coach အဖြစ်တာဝန်ယူခဲ့ပြီး ယခု TNC အရောက်မှာတော့ Position 5 နေရာကနေ ကစားသွားမှာပဲဖြစ်ပါတယ်။ ကစားသမားအသစ်တွေနဲ့ TNC ဟာ 2019-2020 DPC Season မှာ ဘယ်ခရီးအထိပေါက်မြောက်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
DOTA2 အသင်းမရှိတော့တဲ့ TEAM LIQUID
Team Liquid ရဲ့ Dota2 အသင်းဟာ အအောင်မြင်ဆုံး Dota2 အသင်းတွေထဲက တစ်သင်းဖြစ်သလို ပရိသတ်အားပေးမှုအများဆုံးအသင်းတွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အံ့သြတုန်လှုပ်သွားစေမယ့် သတင်းတစ်ခုကို တစ်နေ့ကပဲ Team Liquid ကထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ သူတို့ Dota2 အသင်းက ကစားသမားတွေကို စွန့်လွှတ်လိုက်ပြီဆိုတဲ့သတင်းပါ။
Kuroky ဦးဆောင်တဲ့ Team Liquid Dota2 အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ TI ပြိုင်ပွဲကြီးသုံးခုမှာ Champion ဆု၊ ဒုတိယဆု နဲ့ စတုတ္ထဆုတို့ကို အသီးသီးရခဲ့ပါတယ်။ ဒါမျိုးအောင်မြင်မှုတွေကြောင့် သူတို့အသင်းကို အကောင်းဆုံး Dota2 အသင်းတစ်သင်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ယခုအချိန်မှာတော့ Kuroky ကတော့ ၂၀၁၅ ကတည်းက ကစားလာခဲ့တဲ့ Team Liquid ကို လက်ပြနှုတ်ဆက်သွားခဲ့ပါပြီ။ တရားဝင်ထုတ်ပြန်ချက်များအရတော့ အခုလို Dota2 အသင်းကိုဖျက်သိမ်းရတာဟာ အသင်းခေါင်းဆောင်ဖြစ်သူ Kuroky ရဲ့ဆန္ဒကြောင့်လို့ ဆိုပါတယ်။ Kuroky ရဲ့ပြောကြားချက်အရ သူဟာ ကိုယ်ပိုင်အသင်းသစ်ထောင်ဖို့ ဆန္ဒရှိကြောင်းကိုလည်း အရိပ်အမြွက်သိခဲ့ရပါတယ်။
ဘာပဲပြောပြော Kuroky ဟာ ကပ္ပတိန်ကောင်းတစ်ယောက်ဖြစ်ပြီး ဘယ်အရာကိုမဆို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချရဲသူပါ။ Team Liquid စတင်တည်ထောင်စကတည်းက အတူကစားခဲ့သူ နောက်ပြီး သူတို့နဲ့အတူ TI ဆုတံဆိပ်ကိုရယူပေးနိုင်ခဲ့သူ Matubaman ကိုတောင် အသင်းမှထုတ်ပယ်ကာ w33.ha ကိုခေါ်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ့ဆုံးဖြတ်ချက်ဘယ်လောက်ပြတ်သားကြောင်းကို သိနိုင်မှာပါ။ သူ့ဆုံးဖြတ်ချက်ဟာပြတ်သားရုံတင်မကဘဲ မှန်ပါမှန်ကန်ခဲ့ကြောင်းကို w33.ha ရောက်လာပြီးနောက် ပြိုင်ပွဲကြီးတွေမှာရရှိခဲ့တဲ့ ရလဒ်တွေက သက်သေပြနေပါတယ်။
ဒီတစ်ခါမှာလည်း Kuroky ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်ဦးမှာလား၊ ပရိသတ်တွေရှေ့မှောက်ကို ဘယ်လိုအံ့အားသင့်စရာတွေ သယ်ဆောင်လာဦးမှာလဲ အစရှိတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုတော့ မကြာခင်မှာသိရှိရတော့မှာပါ။
Written by Myo Thant Kyaw