အာဆင်နယ်အသင်းကတော့ လာမယ့်ရာသီသစ်အတွက် ကစားသမားသစ်တွေခေါ်ယူထားမှုမှာ ဂါဘရီရယ်ဂျီးဆပ်၊ ဗီအဲရာ၊ ဇင်ချန်ကို၊ မာကွင်ဟို့စ်နဲ့ မတ်တာနာတို့ ၅ ဦးကို ရရှိထားပြီးဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ဂျီးဆပ်ရဲ့ အံ့မခန်းခြေစွမ်းတွေနဲ့ ဖလန်းဖလန်းထနေခဲ့တဲ့ အာဆင်နယ်က ရာသီသစ်မှာ မျှော်လင့်ချင်စရာကောင်းတဲ့ အသင်းတသင်းအဖြစ်နဲ့ ရှိလာခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာက သူ့အသင်းကို ပိုမိုကျစ်လစ်ပြီး စုဖွဲ့မှုကောင်းအောင် တည်ဆောက်ချင်နေပြီး စျေးကွက်မပိတ်သိမ်းခင်မှာ အသင်းက ကစားသမား ၁၁ ယောက်အထိကို ရောင်းချသွားဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ တည်ငြိမ်တဲ့လူစာရင်းပိုင်ဆိုင်ဖို့ရည်ရွယ်ထားတယ်လို့ အာတီတာက ဖွင့်ဟထားပြီး လာမယ့်ရက်သတ္တပတ်တွေထဲမှာ သူတို့က ကစားသမားတွေကို ရောင်းထုတ်တော့မှာဖြစ်ပါတယ်။
ဒီရောင်းထုတ်မယ့်ကစားသမားထဲမှာတော့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းပေးကာ ခေါ်ယူခဲ့တဲ့ ပီပီလည်း ပါဝင်နေပါတယ်။ ပီပီကို လိုင်လီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာ အသင်းအတွက် ထင်မှတ်ထားသလိုမစွမ်းဆောင်နိုင်ခဲ့ဘဲ အိုင်ဗရီကို့စ်ကစားသမားကို ခေါ်ယူမှုက အာဆင်နယ်အတွက် ကျရှုံးတဲ့ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။
အခုအခါမှာ ပီပီကိုခေါ်ယူမလားလို့ ပီအက်စ်ဂျီကို ကမ်းလှမ်းဖို့ အာဆင်နယ်က စီစဉ်နေကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ ဂိုးသမားဘရန့်ဒ်လီနို၊ တာဗာရက်စ်၊ အိုကွန်ကို၊ ဘာလိုဂန်၊ ဟက်တာဘယ်လာရင်၊ တော်ရဲရား၊ ပါဘလိုမာရီ၊ မိတ်လန်းနိုင်းစ်၊ ရူနာဆန်၊ နယ်လ်ဆင်တို့လည်း ပါဝင်နေပြီး ဒီကစားသမားတွေကို ရောင်းချမှုကနေ စုစုပေါင်း ပေါင်သန်း ၅၀ အထိ ရရှိဖို့ အာဆင်နယ်ဘက်က မျှော်လင့်နေပါတယ်။
ဂျီးဆပ်ခြေစွမ်းပြနေသလို ဆာကာ၊ အန်ကီတီယာတို့လည်း ဂိုးသွင်းခြေမှန်နေလို့ အာဆင်နယ်တိုက်စစ်ပိုင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ကွင်းလယ်မှာလည်း အသင်းခေါင်းဆောင်သစ်ဖြစ်လာတဲ့ အိုဒီဂတ်ဦးဆောင်တဲ့ အုပ်စုက ကောင်းကောင်းအလုပ်ဖြစ်နေပြီး လာမယ့်ရာသီအတွက် အသင့်ပဲလို့ ယူဆရပါတယ်။