ဂရိကလပ်အိုလံပီယာကော့စ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဘရာဇီးလ်ဝါရင့်နောက်ခံလူမာဆယ်လိုဟာ ရီးရဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒိုရှိရာ အယ်လ်နာဆာကို ပြောင်းရွှေ့နိုင်တယ်လို့ CNN Portugal က ဖော်ပြခဲ့ပါတယ်။ သူ့ကို နိုင်ငံခြားကလပ်တခုက ကမ်းလှမ်းမှုတွေလုပ်ခဲ့တာကို အိုလံပီယာကော့စ်က သိခဲ့ပြီး နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းပြီး လမ်းခွဲခဲ့တာပါ။
အဆိုပါကလပ်က အယ်လ်နာဆာဖြစ်မယ်လို့ ခန့်မှန်းနေကြပေမယ့် ကာယကံရှင်တွေက အတည်ပြုထားခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ရော်နယ်ဒိုက အယ်လ်နာဆာမှာ ကစားနေပြီး မာဆယ်လိုနဲ့လည်း ရီးရဲလ်မက်ဒရစ်မှာ ညီအကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြလို့ သူရှိရာဆီကို မာဆယ်လိုက ပြောင်းရွှေ့နိုင်တယ်လို့ သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဘာနေဗျူးမှာ အခြားသောကစားသမားတွေထက် ပိုမိုခင်တွယ်ခဲ့သူတွေဖြစ်ပြီး အောင်မြင်မှုအများအပြားကို အတူတူရယူနိုင်ခဲ့ကြပါတယ်။ ရော်နယ်ဒိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့တုန်းကလည်း မာဆယ်လိုပါ လိုက်သွားမယ်လို့ သတင်းတွေထွက်ခဲ့ဖူးပြီး အမှန်တကယ်ဖြစ်မလာခဲ့ဘဲ ဒီတကြိမ်တော့ သူ တကယ်ပဲ လိုက်သွားမှာလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
ဒါပေမယ့် အယ်လ်နာဆာအနေနဲ့ မာဆယ်လိုကို ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိတဲ့ နိုင်ငံခြားသားကစားသမားတဦးကိုတော့ ဖယ်ရှားရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုရောက်လာပြီးချိန်မှာ ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာက တူရကီကလပ်ဘက်ဆီးတပ်စ်ကို ပြောင်းရွှေ့သွားခဲ့လို့ အဆင်ပြေခဲ့ပေမယ့် မာဆယ်လိုအတွက်တော့ ဘယ်ကစားသမားကို သူတို့စတေးမှာလဲဆိုတဲ့ ပြသနာကရှိနေပါတယ်။
မာဆယ်လိုဟာ အိုလံပီယာကော့စ်အတွက် ၁၀ ပွဲတည်းကစားပေးခဲ့ရပေမယ့် ၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ တကယ်သာ သူ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရော်နယ်ဒိုအတွက်တော့ အဖော်ကောင်းတဦး ရရှိမှာလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကလည်း အသင်းတသင်းမှာ အတူတူပြန်ကစားတာကို မြင်ချင်တဲ့ ဆန္ဒရှိတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။