ဘဏ်တွေက ငွေထုတ်ယူဖို့ ခက်ခဲတာက အဓိကပြဿနာ ဖြစ်နေပါတယ်။

သိန်း၂၀၀ ထက်ပိုပါက ဘဏ်စနစ်နဲ့ ငွေပေးချေရမယ်ဆိုတဲ့ သတ်မှတ်ချက်သည် လုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေရောင်းချမယ့်သူတွေအတွက် အခက်အခဲတွေဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။



လက်ရှိ ဘဏ်တွေမှာက ငွေထုတ်ယူဖို့ ခက်ခဲတာ၊ ATM မှာငွေထုတ်မရတာတွေရှိနေတာကြောင့် ဘဏ်စနစ်နဲ့ငွေပေးချေဖို့က အဆင်မပြေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

" အိမ်ခြံမြေ ရောင်းမယ့်သူတွေ အဆင်မပြေဘူး။ ရောင်းမယ်ဆို ငွေသားက သိန်း ၂၀၀ ပဲရမယ် ၊ကျန်တာက ဘဏ်စနစ်နဲ့သွားရမယ်။ ဘဏ်နဲ့ချေတာကဟုတ်ပြီ အကောင့်ထဲရောက်တဲ့ငွေကိုသူတို့ဘယ်လိုပြန်ထုတ်ပေးမှာလဲ ဒါအဓိကပဲ ။ ဝယ်မယ့်သူကတော့အဆင်ပြေတာပေါ့ ငွေထုတ်မရမယ့်အတူ ဘဏ်စနစ်နဲ့ချေရတာ ပိုကြိုက်တယ်။ ဒီတော့ နောက်ဆုံးသူတို့ပြောသလိုလုပ်မှရမယ်ဆိုရင် ရာခိုင်နှုန်းထပ်ပေါင်းတောင်းမှအဆင်ပြေမယ်။ အပြင်မှာငွေသားကို ရာခိုင်နှုန်းပေးပြီး ပြန်ထုတ်ရုံပဲရှိမယ် " လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - Nyan lin htet

လတ်တလောမှာ လုပ်ငန်းအများစုကလည်း ငွေသားပေးချေမှုနဲ့သာလည်ပတ်နေတယ်လို့ သိရပါတယ်။

"အရင်ကတော့ငွေသားနဲ့ပေးတာများတယ်၊ဘဏ်စနစ်နဲ့နည်းပါတယ် ။ ဘဏ်စနစ်နဲ့ ကငွေထုတ်လို့ရမှ၊ ဒီဘက်ကငွေလွှဲပေးလည်း ဟိုဘက်ကထုတ်လို့ရမှလွှဲပေးတာ။အများဆုံးကငွေသားပေးချေမှုစနစ်နဲ့သွားတာ။ ခုက မပြောတတ်သေးဘူး၊ခုမှစတာဆိုတော့ ဘာတွေလုပ်အုံးမလဲ ဘာတွေကန့်သတ်ဦးမလဲ ဘယ်လိုလာမယ်ဆိုတာမပြောတတ်သေးဘူး။" လို့မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။

ရွှေဈေးကွက်မှာလည်း ဝယ်ရောင်းလုပ်တဲ့အခါ ငွေသားလက်ငင်းပေးချေရတာဖြစ်လို့ ဘဏ်စနစ်နဲ့ ပေးချေရပါက ဘဏ်ကနေငွေကို ချက်ခြင်းပြန်ထုတ်မရခဲ့ရင် ရွှေဈေးနှုန်းမြင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က တာဝန်ရှိသူကပြောပါတယ်။ 

"အရင်က ဘဏ်တွေကောင်းတုန်းက ချက် (Cheque) နဲ့ဝယ် ချက်(Cheque)နဲ့လုပ်ကြတာ။အဲဒီတုန်းက အဆင်ပြေတယ်၊ခုက လက်ငင်းအရောင်းအဝယ်လုပ်ပြီးပြန်ဝယ်ရတာ။ ကိုယ်ကရောင်းပြီးပြီ ဘဏ်ကငွေထုတ်မရဘူး ဆိုရင် ဒီဘက်က ဈေးတွေ တအားတက်သွားတာမျိုး ဖြစ်သွားနိုင်တယ်၊ ဘဏ်ကနေ ဘယ်လိုစီစဉ်ပေးမယ်ဆိုတာမပါဘူး။အကောင့်အဟောင်းတွေလည်းထုတ်ရမယ်ဆိုရင်အဆင်ပြေမယ် အရင်လို မဟုတ်ရင်တော့အခက်အခဲရှိနိုင်တယ်၊ " လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့လက ဗဟိုဘဏ်နဲ့ တွေ့ဆုံခဲ့စဉ် အိမ်ခြံမြေနဲ့ ရွှေကို ပေးချေတဲ့အခါ ငွေကျပ်သိန်း ၁၀၀၀ အထိ ငွေသားပေးချေခွင့်ပြုဖို့၊ အဲ့ဒီပမာဏထက်ကျော်မှသာ ဘဏ်စနစ်နဲ့ ပေးချေခွင့်ပြုဖို့ တင်ပြတာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဗဟိုဘဏ်ကတော့ ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်း တွေအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှု အားလုံး အတွက် ငွေပေးချေမှုနဲ့ အခြားငွေပေးချေမှုတွေ ပြုလုပ်မှူ တကြိမ်ကို ငွေသား ကျပ်သိန်း ၂၀၀ ထက်မပိုစေရလို့ ကန့်သတ်ခဲ့ပါတယ်။

ဒါကြောင့် ကျပ်သိန်း ၂၀၀ ထက်ပိုတဲ့ငွေပေး ချေမှုကို  မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) နဲ့ ပေးချေခြင်း၊ ဘဏ်ကတ်နဲ့ ပေးချေခြင်း၊ ချက်လက်မှတ် ၊ ငွေပေးအမိန့်လွှာ (PO) နဲ့ ပေးချေခြင်း၊ စာရင်းပြောင်းပေးချေခြင်း (Account Transfer) ၊ ငွေသားနဲ့ ဘဏ်ကို ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အ ထားများ တင်ပြပြီး ငွေပေးချေခြင်းနည်းလမ်းကို အသုံးပြုရမယ်လို့ သတ်မှတ်လိုက်တာပါ။

ခုလိုသတ်မှတ်လိုက်တာဟာ ငွေပေးချေမှုစနစ် ပိုပြီးထိရောက်စွာ အကောင်အထည်ဖော် ဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်းနဲ့ အဲ့ဒီသတ်မှတ်ချက်ကို မလိုက်နာပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်းခံရမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာလ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

cover ဓာတ်ပုံ - World First


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က