ယခု ကာလအတွင်း နိုင်ငံအနှံ့မှာ သေကြောင်းကြံစည်မှုတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အသက် ၂၄ နှစ်အရွယ် မိခင်က ၃နှစ်အရွယ်သမီးနဲ့အတူ နဝဒေးတံတားပေါ်က ခုန်ချတဲ့ဖြစ်စဉ်၊ သာကေတ ကမာကြည်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချသတ်သေသွားတဲ့သတင်းတွေက ဒီရက်တွေအတွင်း လူမှုကွန်ရက်ပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
Photo- Tharkayta Resuce Org (စက်တင်ဘာ ၁၄ ရက်နေ့က အမျိုးသားတစ်ဦး သာကေတကမာကြည်တံတားပေါ်မှခုန်ချသေဆုံးမှုဖြစ်ပွား)
ဒီလို သေကြောင်းကြံစည်မှု ပြဿနာတွေ များလာရတဲ့ အဓိက အကြောင်းရင်းတွေက အမျိုးမျိုး ရှိနေနိုင်ပါတယ်။ သေကြောင်းကြံစည်မှု မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာနဲ့ အဓိက အရေးပါတဲ့ စိတ်ကျန်းမာရေး နဲ့ပတ်သက်ပြီး Professional Counsellor တစ်ဦးဖြစ်သူ ဆရာမ Diana Lazing က ဆွေးနွေးဝေမျှထားပါတယ်။
သေကြောင်းကြံစည်မှုတွေ ဘာကြောင့်ဖြစ်ရလဲ။
အဓိကကတော့ Life Stress တွေကိုခံနိုင်ရည်မရှိတော့တဲ့အခါမှာ ကျူးလွန်လေ့ရှိကြပါတယ်။ ဥပမာ- ငွေရေးကြေးရေး အခက်အခဲကြီးကြီးမားမား ကြုံရတာ၊ Relationship ပြဿနာတွေကြုံရတာ၊ နာတာရှည်ရောဂါကြောင့် မခံစားနိုင်တော့တာ ဒါမျိုးတွေကြောင့် Suicide (မိမိကိုယ်ကိုအဆုံးစီရင်ခြင်း) ကိစ္စတွေကို လုပ်တတ်ကြပါတယ်။
နောက်တစ်ခုက Depression (စိတ်ကျရောဂါ) ကြောင့်ပါ။ စိတ်ကျရောဂါဖြစ်နေတဲ့သူတွေ၊ မူးယစ်ဆေး အလွန်အကျွံသုံးစွဲသူတွေ၊ အရက်စွဲတဲ့သူတွေမှာလည်း သေကြောင်းကြံစည်ခြင်း ကိစ္စတွေကို ပြုလုပ်တတ်ကြပါတယ်။
Photo : Freepik
နိုင်ငံရဲ့ အကျပ်အတည်းက သေကြောင်းကြံစည်မှုဖြစ်ရပ်တွေပိုတိုးလာစေသလား
အခြေခံစားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားချိန်၊ ဒေါ်လာဈေး၊ ရွှေဈေးတွေ တဟုန်ထိုး ထိုးတက်သွားခဲ့တဲ့ ကာလအပိုင်းအခြားတွေမှာပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု သတင်းတွေအဆက်မပြတ်တွေ့လာရပါတယ်။ ဒီလိုကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုတွေက လူတွေ အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့အခြေအနေတွေ ဖြစ်ခဲ့ရတယ်လို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး Professional Counsellor တစ်ဦးဖြစ်သူ Diana Lazing ကသုံးသပ်ပါတယ်။
“ အထူးသဖြင့်စက်ရုံအလုပ်သမားတွေ၊ အခြေခံလူတန်းစားတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးလာတာ ၊ ငွေရေးကြေးရေးအကျပ်အတည်းတွေက နေ့စဉ်အခြေခံလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ တအားခက်လာတဲ့အချိန်မှာ သေကြောင်းကြံစည်ကြတဲ့ လမ်းကို ရွေးကြလာတယ်လို့ထင်တယ်။ ’’လို့ ဆိုပါတယ်။
သေကြောင်းကြံစည်လိုစိတ်က ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အရာမျိုးလား
သေကြောင်းကြံစည်သွားတဲ့သူတွေကို လူတွေက လွယ်လွယ်ကူကူနဲ့ အရှုံးပေးလိုက်ကြတယ်လို့ ခပ်ပေါ့ပေါ့ထင်တတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဒီလိုနည်းလမ်းကို ဘယ်သူမှ လွယ်လွယ်ကူကူမရွေးချယ်ကြပါဘူး။ သူ့ရဲ့ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေက တစ်ဖြည်းဖြည်းရှည်ကြာလာပြီ။ ငါမရှိရင်ကောင်းမှာပဲဆိုတာမျိုး စတွေးနေလောက်ပြီ။ ဒီအချိန်မှာ သူ့ကို အထောက်အပံ့ပေးတာ၊ စာနာတဲ့သူမရှိတာ၊ ကူညီမယ့်သူမရှိတဲ့အခါမျိုးမှာ ထွက်ပေါက်မရှိတော့သလိုဖြစ်လာပြီး အန္တရာယ်များတဲ့လမ်းကို ရွေးချယ်လာကြပါတယ်။ ဥပမာ တံတား၊ ရေတွင်း၊ ဓါး တစ်ခုခုကို မြင်လိုက်တဲ့အခါမျိုးမှာကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိအောင် လုပ်လိုက်တာမျိုး ဖြစ်သွားတတ်ပါတယ်။
Photo : Freepik
သေကြောင်းကြံစည်ဖို့ ကြိုးစားနေကြောင်း ပြသနေတဲ့လက္ခဏာများ
- အဓိကကတော့ ကိုယ့်မှာရှိတဲ့အမူအကျင့်တွေ ပြောင်းလဲလာတာက စပါတယ်။
- အရင်က စကားများတဲ့သူက စကားမပြောတော့ဘဲတိတ်ဆိတ်နေတာ၊
- စကားနည်းတဲ့သူက စကားတွေအရမ်းပြောလာတာ၊ လူတကာကို လိုက်နှုတ်ဆက်တာ ၊
- ငါမရှိရင်လည်းအေးတာပဲ စတဲ့စကားမျိုးတွေ ပြောလာတာ၊
- အိမ်ထဲကနေ အိမ်ပြင်မထွက်တော့တာ၊
- ဘယ်သူနဲ့မှမဆက်သွယ်ချင်တော့ဘဲ တစ်ယောက်တည်း သီးသန့်နေလာတာ
သေကြောင်းကြံစည်မှုသတင်းတွေ့တဲ့အခါ သင်မပြောသင့်တဲ့စကားတွေ
လူတစ်ယောက် သေကြောင်းကြံစည်သွားတဲ့သတင်းတွေရင် ပတ်ဝန်းကျင်က လူတွေအနေနဲ့ ပထမဆုံး စိတ်ထိခိုက်မှုတွေကြုံရတယ်။ နောက်တော့ သေသွားတဲ့သူကို လွယ်လွယ်လေးနဲ့ အရှုံးပေးတယ်ဆိုပြီး အပြစ်ပြောတာ ဒါမှမဟုတ် သူကတော့ လွတ်မြောက်သွားပြီ၊ ငါတို့ပဲ ကျန်တော့တယ်လို့ ပြောတာမျိုးတွေ ရှိပါတယ်။ ဒီလိုပြောတဲ့စကားက တစ်ခြားလူတွေအတွက် အများကြီးသက်ရောက်စေပါတယ်။ သေသွားရင် လွတ်မြောက်သွားကြပြီလို့ ပြောဆိုနေခြင်းက ထိလွယ်ရှလွယ်သူတွေအတွက် ဒီလမ်းရွေးသင့်တယ်ဆိုပြီး တစ်ဖက်တစ်လမ်းက အားပေးပြောဆိုရာရောက်ပါတယ်။
“ လွတ်မြောက်ပြီလို့ပဲ ပြောပြော၊ ဆဲဆိုတာပဲ ဖြစ်ဖြစ် သေသွားတဲ့သူဆီမှာ ဘယ်လိုသက်ရောက်မလဲမသိပေမယ့် သတင်းဖတ်ရတဲ့သူတွေ၊ စိတ်ဖိစီးနေသူတွေအတွက် အများကြီးထိခိုက်စေနိုင်ပါတယ်။” လို့ Diana Lazing ကပြောပါတယ်။
သေကြောင်းကြံစည်မှုလျော့ပါးအောင် ဘာတွေလုပ်ကြမလဲ။
လူတွေမှာ စိတ်ဖိစီးမှုခံစားရရင် ထွက်ပေါက်အတွက် ရင်ဖွင့်ဖော်၊ အားပေးဖော်လိုပါတယ်။ လူတစ်ယောက် သေကြောင်းကြံစည်ခြင်းဟာ ဘေးနားမှာရှိတဲ့သူတွေရဲ့ အားပေးထောက်ခံမှုမရတာကြောင့်လည်း သက်ဆိုင်နေပါတယ်။ ဘယ်လိုအချိန်မဆို မိတ်ဆွေတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်က အဆင်မပြေဘူး ပြောလာရင် အပြစ်မတင်ဘဲ နားထောင်ပေးဖို့ လိုအပ်ပါတယ်။
“ လူတွေက နားထောင်ပေးမယ့်အစား မေ့လိုက် ခံစားမနေနဲ့ ဒီလောက်လေးနဲ့ ဖြစ်မနေနဲ့ လို့ ပြောတတ်ကြတယ်။ ဥပမာ- ကုန်ဈေးနှုန်းတွေအရမ်းတက်တယ် ခက်ခဲလိုက်တာလို့ ပြောရင် ဒါလူတိုင်းဖြစ်တဲ့ပြဿနာပဲ။ နင်တစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ ဒီလိုမျိုးမပြောသင့်ပါဘူး။ အနည်းဆုံးတော့ အတူတကွမျှဝေခံစားပေးတာ၊ အားပေးတာမျိုး လုပ်ပါ။ ဒါကြောင့် ဒီလိုသေကြောင်းကြံစည်မှု လျော့အောင်လုပ်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် Social Support က အရမ်းအရေးပါပါတယ်။ နောက်တစ်ခုကတော့ တိုင်းပြည်ရဲ့ အခြေအနေပေါ့ ။ လူတွေရဲ့ ဆင်းရဲမွဲတေမှုကို ဘယ်လို ဖြေရှင်းမလဲ ။ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးကိစ္စတွေကို ဘယ်လိုကူညီပေးမလဲ ဆိုတာကလည်း အရမ်းအရေးကြီးတယ်။” လို့ ဆရာမ Diana Lazing က ဖေးမကူညီနိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောပါတယ်။
သေကြောင်းကြံစည်လိုခြင်းတွေ လျော့နည်းဖို့ဆိုရင်
- ခက်ခဲတဲ့ကာလမှာ တစ်ယောက်နဲ့တစ်ယောက် ပိုမိုဖေးမပါ။
- မိမိကိုယ်တိုင် စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေလုပ်ပါ။
- အန္တရာယ်ရှိစေမယ့် ပစ္စည်းတွေနဲ့ ဝေးဝေးနေပါ။
- တစ်ယောက်တည်း နေတာမျိုးရှောင်ပါ။
- ကိုယ်ချစ်ခင်ရတဲ့ သူတွေအတွက် စဉ်းစားပါ။