ယူရိုပြိုင်ပွဲမှာ သေဘေးကလွတ်မြောက်ခဲ့ပြီးနောက် ဘောလုံးပြန်ကစားဖို့ ပြင်ဆင်နေပါပြီ။

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ဒိန်းမတ်အသင်းအတွက် ကစားပေးရင်း နှလုံးပြသနာကြောင့် ကွင်းအတွင်းလဲကျခဲ့ကာ အသက်လုခဲ့ရတဲ့ ကွင်းလယ်လူအဲရစ်ဆန်ဟာ လက်ရှိမှာတော့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒိန်းမတ်အသင်းခေါင်းဆောင်ဆိုင်မွန်ခါဂျာရဲ့ ရှေးဦးသူနာပြုစုနည်း၊ ဆေးအဖွဲ့ရဲ့ အလျင်အမြန်ပြုစုကုသခဲ့မှုတွေကြောင့် အဲရစ်ဆန်က အသက်ဘေးက ကင်းလွတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဲရစ်ဆန်ဟာ နှလုံးအတွင်း စက်တပ်ဆင်ထားရပြီး ဘောလုံးပြန်ကစားနိုင်ပြီဖြစ်ပေမယ့်လည်း စီးရီးအေမှာတော့ ဒီလိုမျိုးစက်တပ်ဆင်ပြီး ကစားဖို့အတွက်ကို ခွင့်မပြုထားလို့ အင်တာမီလန်နဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ဘောလုံးပြန်ကစားဖို့အတွက် ပြင်ဆင်နေပြီဖြစ်ကာ လာမယ့် ကာတာကမ္ဘာ့ဖလားပွဲကို ဝင်ဆင်နွှဲဖို့ကိုတောင် ပစ်မှတ်ထားနေပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူက "ကျွန်တော့်ရဲ့ ပန်းတိုင်က ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားကို ကစားဖို့ပါ၊ ကျနော် ကစားချင်တယ်၊ ကျနော့်စိတ်က အဲဒီပြိုင်ပွဲပေါ်မှာ အများကြီးရှိနေပါတယ်၊ ဒါက ပန်းတိုင်တခု၊ အိပ်မက်တခုပါ၊ ကျနော်ရွေးချယ်ခံရမှာလားဆိုတာကတော့ အခြားအရာတခုပေါ့၊ ဒါပေမယ့် ကျနော့်အိပ်မက်တွေက ပြန်လာပါပြီ၊ ကျနော် သေချာပေါက်ပြန်ကစားနိုင်မှာပါ"

"ဘာလို့လဲဆိုတော့ ကျနော် ဘယ်လိုဝေဒနာမျိုးကိုမှ မခံစားရတော့လို့ပါပဲ၊ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အရင်တုန်းကပုံစံမျိုး ကျနော် ပြန်ရလာခဲ့ပါပြီ၊ ဒါက ကျနော့်ပန်းတိုင်ဖြစ်ပြီး အချိန်အတော်ကြာလိုပါသေးတယ်၊ ဒါကြောင့် ဘောလုံးကစားဖို့နဲ့ အဆင့်တဆင့်ကို ပြန်ရောက်နေပြီဆိုတာကို ကျနော် သက်သေပြမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Liverpool Echo က ဖော်ပြခဲ့ပါတယ်။

အဲရစ်ဆန်က သူ့ကို ဒီတလျှောက်လုံး အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒိန်းမတ်ကစားသမားဟာ လက်ရှိမှာတော့ လေ့ကျင့်မှုတွေကို အပေါ့စားအဆင့်ကနေ စတင်ပြုလုပ်နေပြီး မကြာခင်မှာ ထိပ်တန်းပွဲစဉ်တွေ ကစားနိုင်မယ့် အနေအထားရောက်လာမယ်လို့ ယုံကြည်ရပါတယ်။ 

Share

က္က