သွားရောက်ကူညီပေးခဲ့တဲ့ သေဆုံးအမျိုးသားတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိကြောင်းကို ဆေးရုံကအကြောင်းလာတာကြောင့် ပုလဲမီးသတ်တပ်ဖွဲ့မှ အဖွဲ့ဝင် (၃)ဦးကို စခန်းမှာပဲ အခန်းသီးသန့်ထားပြီး ကွာရန်တင်းထားရှိထားတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ (၁၁)ရက်နေ့က အောင်မင်္ဂလာ အဝေးပြေးကွင်းမှာ အိမ်ယာမဲ့အမျိုးသား (၁)ဦးသေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ဖို့ အကူအညီတောင်းခံလာရာ ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ပြီး သေဆုံးသူအမျိုးသားရဲ့ အလောင်းကို မေဓါဝီဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။
အလောင်းကိုဆေးရုံရောက်လို့ စစ်ဆေးကြည့်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အဆိုပါတပ်ဖွဲ့ဝင် (၃)ဦးကို ပထမအကြိမ် စစ်ဆေးတဲ့အခါမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
“ ဒီမနက်ပဲ စစ်ပြီးတာပါ ။ (၃)ယောက်စလုံး negative ။ အဲဒီနေ့က ပုလဲတပ်ဖွဲ့ဝင် (၃)ဦးအပြင် အနီးဝန်းကျင်က (၃)ဦးလည်း အလောင်းကို လာကူညီပြီး သယ်ယူဆောင်ရွက်ပေးခဲ့သေးတယ်။ သူတို့လည်း ဒီနေ့စစ်မယ်တဲ့။ အဖြေတော့မသိရသေးဘူးပေါ့။ ကျွန်တော့်တပ်ဖွဲ့ဝင် (၃)ဦးကတော့ အခု negativeပေမယ့် (၇)ရက်ပြည့်အောင် ကွာရန်တင်းထပ်ထားမယ်။ ပြည့်တဲ့နေ့ ဒုတိယအကြိမ် ထပ်စစ်မယ်” လို့ ပုလဲမီးသတ်မှ ကိုထင်လင်းအောင်က Duwun ကို ပြောပါတယ်။
ပုလဲအရန်မီးသတ်တပ်ဖွဲ့အနေနဲ့ကလည်း ကိုဗစ်နဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ရေးလုပ်ငန်းတွေကို ပထမလှိုင်းကတည်းက ဆောင်ရွက်လာပေးခဲ့တာဖြစ်ပြီး ယခုနောက်ပိုင်းကူညီဆောင်ရွက်မှုတွေမှာတော့ အခုလို ကိုဗစ်ပိုးတွေ့တဲ့လူနာမရှိသလောက်ဖြစ်ခဲ့ပြီလို့ ဆိုပါတယ်။ ကူညီရေးလုပ်ငန်းတွေမှာ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးပစ္စည်းတွေ အပြည့်ဝတ်ဆင်ခိုင်းပြီးမှ ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကွာရန်တင်းထားတဲ့ တပ်ဖွဲ့ဝင် (၃)ဦးမှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး တစ်ပတ်ပြည့်အောင် ကွာရန်တင်းဆက်လက်နေထိုင်မယ်လို့လည်း သိရပါတယ်။