ပြီးခဲ့တဲ့အာဖရိကဖလားပွဲကဖြစ်ရပ်အကြောင်းကို မာနေးက ပြောပြခဲ့တာပါ။

ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား မာနေးဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ကွင်းအတွင်းကစားနေရင်း ကွယ်လွန်သွားခဲ့ရင် သူ့အပြစ်နဲ့သူ၊ ဘယ်သူ့မှာမှအပြစ်မရှိဘူးဆိုတဲ့ စာချုပ်ကို လက်မှတ်ထိုးလိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ (၂၀၂၂) အာဖရိကဖလားပြိုင်ပွဲမှာ မာနေးရဲ့ ဆီနီဂေါက အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။



မာနေးအနေနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်အဖြစ် ကိတ်ဗာဒီနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ ထိခိုက်မိပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကစားသမားဟာ ဆီနီဂေါရဲ့ ကွာတားဖိုင်နယ်ပွဲစဥ်မှာ ပြန်လည်ပါဝင်ကစားခဲ့ပြီး အဲ့ဒီတုန်းက အခြေအနေတွေနဲ့ ပတ်သက်လို့ မာနေးက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“ကျနော်ပြောခဲ့တာက ကျနော်မကစားသင့်မှန်းသိပါတယ်။ ဒါပေမယ့် ကျနော်တို့ လက်မှတ်ထိုးရအောင်။ ဒါကို ကျနော့်တာဝန်ထားလိုက်။ တကယ်လို့ ကျနော်ဝင်ကစားရင်း ေသသွားခဲ့ရင် ဒါက ကျနော့်အမှားပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူးဆိုပြီး လက်မှတ်ထိုးဖို့ လုပ်ခဲ့တာပေါ့။ ဒါပေမယ့် သူတို့ကတော့ ကျနော့်ကို ပေးမကစားချင်ပါဘူး”

“ဒါပေမယ့် ကျနော်ကတော့ လက်မခံပါဘူး။ အဲ့ဒီအချိန်က မနက် (၁) နာရီ၊ (၂) နာရီလောက်ရှိနေပြီ။ လူတိုင်းက စိုးရိမ်နေပြီး နည်းပြကို ကျနော်က ခင်ဗျားကြောက်နေတာ ကျနော်သိပါတယ်လို့ ပြောလိုက်တယ်။ နောက်ပြီး စာတစောင်ရေးလိုက်တယ်။ ဒီပွဲမှာ ကျနော် သေခဲ့ရင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါက ကျနော့်ကိစ္စဆိုပြီးတော့ပေါ့။ လူတိုင်းကတော့ တင်းခံနေကြတုန်းပဲ”

“ကျနော် လက်မှတ်တော့မထိုးခဲ့ရဘူး။ ဒါပေမယ့် နောက်ဆုံးကျ သူတို့က “နိုး၊ နိုး မဖြစ်နိုင်ပါဘူးကွာ” လို့ ပြောတယ်။ ဒါပေမယ့် ကျနော်က ဆရာဝန်ဆီကိုသွားပြီး ပွဲကန်မယ့်မနက်မှာ ခေါင်းကို စကင်န်ဖတ်ဖို့ ပြောလိုက်တယ်။ ပွဲနေ့ကျတော့ ကျနော်တို့ လိုအပ်တဲ့ ဆေးစစ်မှုတွေ ရယူပြီး ဒါတွေကို အာဖရိကဘောလုံးအဖွဲ့ချုပ်ဆီ ပို့လိုက်ပါတယ်။ သူတို့ဘက်က ဆရာဝန်နဲ့ စစ်ဆေးပြီး ကစားခွင့်ပေးလိုက်ပါတယ်”

“ကျနော်က လက်မှတ်ထိုးလိုက်ရင်လည်း ဆရာဝန်အတွက် ပိုပြီးရှုပ်ထွေးသွားနိုင်ပါတယ်။ အဲ့ဒီနောက် အရာအားလုံး အဆင်ပြေခဲ့တာကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ရပါတယ်” လို့ မာနေးက ပြောကြားခဲ့ပါတယ်။ မာနေးဟာ အဆိုပါ နောက်ဆုံးဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်ကိုလည်း ကန်သွင်းကာ ဆီနီဂေါကို အာဖရိကဖလား ချန်ပီယံဖြစ်စေခဲ့ပါတယ်။ 

Share

က္က