ကားအကောင်းစားတွေကို ရူးသွပ်တဲ့ရော်နယ်ဒိုကို ဒီလိုမြင်ရတာ ပရိသတ်တွေအတွက်လည်း အမြင်ဆန်းသစ်စေမှာ သေချာပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီနေ့မှာ အသင်းလေ့ကျင့်ရေးကွင်း ကာရင်တန်ကို သတင်းပို့ဖို့အတွက် ပေါင် (၂) သိန်းခွဲတန် ဘန်တလေကားကို ကိုယ်တိုင်မောင်းနှင်ပြီး ရောက်ရှိလာခဲ့ပါတယ်။


ဒါ့အပြင် ရော်နယ်ဒိုရဲ့ လုံခြုံရေးကို လိုက်ပါစောင့်ရှောက်နေတဲ့ သက်တော်စောင့်နှစ်ယောက်ရဲ့ကားကလည်း ရော်နယ်ဒိုကားနောက်ကနေ ပုံမှန်အတိုင်း လိုက်ပါလာခဲ့ပြီး သက်တော်စောင့်တွေရဲ့ကားကလည်း Range Rover အမျိုးအစားဖြစ်တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ စနေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကာရင်တန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူကိုယ်တိုင်နဲ့ သူ့လုံခြုံရေးတွေ စီးနင်းလာတဲ့ကားတွေက ပရိသတ်တွေအတွက် မျက်စိကျစရာဖြစ်ခဲ့တာပါ။


ရော်နယ်ဒိုဟာ ကားတွေနဲ့ပတ်သက်ရင် ဝါသနာထုံသူ၊ ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး နာမည်ကျော်ကားတွေကိုလည်း ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာချိန်မှာ ပေါင် (၁၆၀,၀၀၀) တန်လမ်ဘော်ဂီနီကားကို အဓိကစီးနင်းလေ့ရှိပြီး ပြီးခဲ့တဲ့နွေရာသီအစောပိုင်းကလည်း ဖာရာရီမွန်ဇာလို့အမည်ရတဲ့ ပေါင် (၁.၄) သန်းတန်ကားတစ်စီးကို အော်ဒါမှာယူထားပါသေးတယ်။


ဒါပေမယ့် ဒီလိုမျိုးမှာယူထားတဲ့ ကားရဲ့တန်ဖိုးက ရော်နယ်ဒိုဆီမှာရှိပြီးသား ပေါင် (၈.၅) သန်းတန် ဘူဂါတ်တီ Centodieci ကားအမျိုးအစားနဲ့ယှဥ်လိုက်ရင်တော့ တော်တော်နည်းပါးသေးတဲ့ တန်ဖိုးတစ်ရပ်လို့ဆိုရမှာပါ။ ရော်နယ်ဒိုဝယ်ယူထားတဲ့ အဆိုပါ ဘူဂါတ်တီ Centodieci ကားကို တစ်ကမ္ဘာလုံးမှာ (၁၀) စီးသာ ထုတ်လုပ်တာဖြစ်ပါတယ်။


ရော်နယ်ဒိုရဲ့နေအိမ်ခြံဝန်းထဲမှာ သူ့ရဲ့အဖိုးတန်ကားတွေကို သိမ်းဆည်းနိုင်ဖို့ သီးသန့်ဂိုဒေါင်တစ်လုံး ပြင်ဆင်ပေးထားရပြီး ရော်နယ်ဒိုဝယ်ယူစုဆောင်းထားတဲ့ကားတွေရဲ့ စုစုပေါင်းတန်ဖိုးက ပေါင် (၁၇) သန်းရှိတယ်လို့ သိရှိရပါတယ်။ 

Share

က္က