သင်္ဃန်းကျွန်းမြို့နယ် ဇဝနမှတ်တိုင်ရှေ့က ဆိုင်းဘုတ်အနီရောင်လေးနဲ့ ကျော်ကြားမာလာငါးကင် လို့ရေးထားတဲ့ ငါးကင်ဆိုင်လေးကို ဖြတ်သွားဖြတ်လာတဲ့သူတိုင်း သတိထားမိကြမှာပါ။ ဇဝနမှတ်တိုင် လမ်းဆုံလမ်းခွထိပ်ကို ရောက်တိုင်း အကင်မီးဖိုပေါ်မှာ အငွေ့တထောင်းထောင်းထအောင် ကင်ထားတဲ့ ငါးကင်အကောင်ကြီးတွေက ဝယ်စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နေတာပါ။
ကျော်ကြားမာလာငါးကင်ဆိုင်လေး ဘယ်ကစ
ဒီဆိုင်လေးကို (၂၀၀၈) ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆို (၁၅) နှစ်ဝန်းကျင်ခန့်ရှိပါပြီ။ ဆိုင်ရှင် ဇနီးမောင်နှံနှစ်ဦးက ငါးကင်ကြိုက်သူတွေ ဖြစ်ကြပြီး ငါးကင်လုပ်တတ်တဲ့အလုပ်သမားလေး နှစ်ဦးကို ကူညီပေးရာကနေ ဒီဆိုင်လေးစတင်ဖြစ်လာခဲ့တာပါ။
“ အန်တီ့အမျိုးသားက ငါးကင်ကြိုက်တယ်။ အဲဒါနဲ့ တစ်ရက်တော့ လှည်းတန်းမှာသွားရင်းလာရင်းနဲ့ လူငယ်လေး နှစ်ယောက်က ငုတ်တုပ်လေးထိုင်နေကြတာ။ သားတို့ ဘာဖြစ်လဲလို့ မေးလိုက်တော့ သူတို့က အလုပ်ရှင်နဲ့ အဆင်မပြေလို့ အလုပ်ထွက်လာတာတဲ့။ လှည်းတန်းက ငါးကင်ဆိုင်မှာအလုပ်လုပ်သူတွေတဲ့။ ဒီအချိန်ကြီး ဘယ်မှလည်း သွားစရာလာစရာမရှိတော့ အိမ်ကိုခေါ်လာတာ။ အဲ့ဒီနောက် အန်တီ့အမျိုးသားက မင်းတို့ အလုပ်မရှိဘူးဆိုရင် ဘဘနဲ့ အလုပ်တူတူ တွဲလုပ်ကြမလားဆိုပြီးတော့ လှည်းတန်းမှာ ငါးကင်စရောင်းဖြစ်ခဲ့တာပါ” လို့ ငါးကင်ဆိုင်လေး စတင်ဖြစ်လာတဲ့အကြောင်းကို ဆိုင်ရှင် အန်တီက ပြောပြပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ပထမဆုံးငါးကင်ဆိုင်လေး
လှည်းတန်းလို နေရာမျိုးမှာ ငါးကင်ရောင်းတဲ့အခါမှာ အပြိုင်အဆိုင်တွေများတော့ ကျော်ကြားငါးကင်ဆိုင်လေးက ထင်သလောက်မပေါက်ခဲ့ပါဘူး။ အဲဒါနဲ့ တစ်နေရာကို ထိုးဖောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ အဲဒီကာလတွေတုန်းက ငါးကင်ဆိုင်တစ်ဆိုင်မှ မရှိသေးတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာဖွင့်လှစ်ဖို့ စိတ်ကူးမိခဲ့တာပါ။
“ လူတွေက ငါးကင်စားမယ်ဆိုရင် လှည်းတန်းကိုပဲသွားကြတယ်။ အဲဒီတော့ လှည်းတန်းလိုမဟုတ်တဲ့ နောက်တစ်နေရာမှာ ရောင်းရင် အဆင်ပြေမလားဆိုပြီး စမ်းသပ်မယ်ဆိုပြီး ဖွင့်လိုက်တာ။ လက်ရာကောင်းရင်တော့ လာစားမှာပဲ ဆိုပြီး အန်တီအရဲစွန့်ပြီး ဖွင့်ခဲ့တယ်။ အန်တီဖွင့်တုန်းက သင်္ဃန်းကျွန်းတစ်မြို့နယ်လုံးမှာ ဘယ်ငါးကင်ဆိုင်မှ မရှိသေးဘူး။ ဒီနောက်ပိုင်းပေါ်လာတဲ့ဆိုင်တွေက အန်တီကတဆင့်ပွားသွားတာပါ” လို့ ဆိုပါတယ်။
တခြားငါးကင်တွေနဲ့မတူတဲ့ကျော်ကြားငါးကင်ရဲ့ ထူးခြားချက်
ကျော်ကြား မာလာငါးကင်ဆိုပြီး တခြားငါးကင်တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ မာလာအရသာလေးနဲ့ ပြုလုပ်ထားတဲ့ဟင်းအနှစ်ပါ။ ငါးကင်တွေကို အချဉ်တစ်မျိုးတည်းနဲ့ တို့စားတာမျိုးမဟုတ်ဘဲ မာလာအနှစ်ကလေးနဲ့ တို့စားရတာကိုက ကျော်ကြား ငါးကင်ရဲ့ ထူးခြားချက်တစ်ခုပါ။ ပဲပိစပ်နဲ့ ကြက်သွန်အနှစ်ကိုချက်ထားတဲ့ မာလာအနှစ်အရသာလေးက ထမင်းနဲ့ပဲတွဲစားစား ငါးကင်နဲ့ပဲစားစား လိုက်ဖက်မှုရှိပါတယ်။
“ မာလာငါးကင်ဆိုပြီး မတူတာက ခုနက ပြောတဲ့ အန်တီတို့ဆိုင်လေးစဖွင့်တုန်းက ဝန်ထမ်းလေးနှစ်ယောက်က မာလာဟင်းအနှစ်ချက်တဲ့ ပညာကိုပေးသွားတာပါ။ အခုချိန်ထိ အန်တီကိုယ်တိုင် ဒီမာလာအနှစ်ကို ကိုယ်တိုင်လုပ်တယ်” လို့ ဆိုပါတယ်။
စားသုံးသူတွေကို စေတနာမေတ္တာထားတဲ့ ဆိုင်လေး
ကုန်ဈေးနှုန်းတွေတက်တာကြောင့် အမြတ်တွေနည်းသွားပေမယ့်လည်း စားသုံးသူတွေကို စေတနာထားပြီးချစ်တဲ့စိတ်ကြောင့် ငါးကင်တစ်ကောင်ဝယ်ရင် ရုန်းပတီသီး၊ ဟင်းအနှစ်ထုပ်တွေကို ဘယ်တော့မှ မလျော့စေဘဲ ထည့်ပေးတယ်လို့ဆိုပါတယ်။ ငါးကင်တစ်ကောင်ကို (၈၀) ကျပ်သားနီးပါးအပြည့်နဲ့ အနည်းဆုံး လူ (၃) ယောက်ခန့်စားနိုင်အောင် ထည့်ပေးထားတာ တွေ့ရပါတယ်။
“ ဆိုင်ရှေ့ကို ဖြတ်သွားရင်းနဲ့ မာလာအနှစ်လေးက စားကောင်းလို့ပေးပါဆိုရင် အန်တီမရောင်းဘူးပေးလိုက်တယ်။ ဒီနေ့အထိလည်း ရုန်းပတီသီးလုံးဝမလျော့ဘူး။ ထည့်ပေးတယ်။ ဆောင်းတွင်းဆို ကိုက်လန်လေးတောင် အပိုပေးသေးတယ်။ စားသုံးသူတွေအဆင်ပြေမှ သူတို့လာဝယ်စားနိုင်မယ်။ အကုန်လုံးကို ချစ်တဲ့စိတ်နဲ့ပဲ ရောင်းပေးပါတယ်။” လို့ ပြောပါတယ်။
တစ်နေ့ကို ငါးအကောင် (၁၆၀) ခန့်လောက်ရောင်းရ
စစဖွင့်ချင်းတုန်းကတော့ တစ်နေ့ကို အကောင် (၃၀) လောက်ပဲ ရောင်းရပါတယ်။ တစ်နေ့ကို (၁၀)ကောင်စီလောက် တိုးရောင်းရပြီး အခုတော့ တစ်နေ့ကို အကောင်ရေ (၁၅၀) နဲ့ (၁၆၀) နီးပါး ရောင်းရတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဒီမြို့နယ်မှာ ငါးကင်ဆိုင်တွေ မရှိတုန်းကဆို တစ်နေ့ကို အကောင်ရေ (၃၀၀) ကျော်လောက်အထိ ရောင်းရဖူးပါတယ်။
“ စစရောင်းတုန်းက (၂၀၁၈) လောက်တုန်းက တစ်ကင်ကို (၂၅၀၀) ပေါ့။ အခုတော့ တစ်ကင်ကို (၉၀၀၀) ဖြစ်သွားပြီ။။ အခုချိန်ထိ စဖွင့်တည်းက အခုချိန်ထိ စားကြတဲ့ဖောက်သည်တွေ ရှိတယ်။ ချစ်ခင်တဲ့စိတ်နဲ့ လာစားကြတယ်။ သင်္ဃန်းကျွန်းမှာ ငါးကင်ဆိုင်ဆိုတာသိဖို့ (၂) နှစ်လောက် အချိန်ယူခဲ့ရတယ်”လို့ ဆိုင်ရှင် အန်တီက ဆိုပါတယ်။
ကျော်ကြားမာလာငါးကင်မြည်းစမ်းချင်သူတွေအတွက်
ကျော်ကြားမာလာငါးကင်ဆိုင်လေးက ဆိုင်ခွဲ (၃) ဆိုင်ရှိပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် Junction Zawana ရှေ့မှာတစ်ဆိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် (၂) ရှေ့မှာတစ်ဆိုင်နဲ့ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးပေါ်၊ သင်းဝင်မှတ်တိုင်အနီးမှာ တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်တွေမှာ ငါးကင်အပြင် ဂဏန်းမာဆလာဟင်းနဲ့ ယိုးဒယားအထောင်းမျိုးစုံတို့လည်း ရနိုင်ပါတယ်။အထောင်းကတော့ တစ်ပွဲကို (၁,၅၀၀)၊ (၂,၀၀၀) ကျပ်ပါ။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ (၃) နာရီကနေ ည (၉) နာရီအထိဖြစ်ပါတယ်။
Share