အဘိုးသုံးယောက်ရဲ့မြေးဖြစ်ရတာ ဂုဏ်ယူမဆုံးပါဘူးတဲ့။

MA MA Rangers Snack ကြော်ငြာထဲက ကလေးသရုပ်ဆောင် ထက်သီရိက အခုဆိုရင် အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ သူမက သင်္ကြန်မိုးဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ‌ မောင်တင်ဦး၊ သင်္ကြန်မိုးရုပ်ရှင်ရိုက်ကူးပြီးတဲ့နောက် နာမည်ကျော်လာတဲ့ သရုပ်ဆောင် ဇော်ဝမ်းနဲ့ သရုပ်ဆောင် ညီညီဆွေတို့ရဲ့ မြေးလေးဖြစ်ကြောင်းကို Duwun ကို ဖြေကြားခဲ့ပါတယ်။ 



" သီရိအရမ်းဂုဏ်ယူတယ်။ ဒီလိုမျိုးမျိုးရိုးက နောက်ဘဝ လူဖြစ်ရင်တောင်မှ မရှိနိုင်တော့ဘူး။ ဘိုးဘိုးကြီးတို့နာရေးဆိုရင်လည်း သီရိတို့ဆို နေစရာနေရာတောင်မရှိဘူး။ ကိုယ့်အဘိုးတွေရဲ့ Image က တော်တော်ကြီးတာကို သိလိုက်တယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ နှမြောတယ်။ ကိုယ်သာ အောင်မြင်နေတဲ့အချိန် သူတို့မရှိတော့တာကို တွေးပြီးနှမြောတယ်။ အနုပညာရှင်တွေ အများကြီးလာတော့လည်း ဂုဏ်ယူတယ်"ဆိုပြီး အနုပညာရှင်ကြီးတွေရဲ့မြေးဖြစ်ခွင့်ရတဲ့အ ပေါ် ဂုဏ်ယူတဲ့အကြောင်းပြောပြလာပါတယ်။ 

ဒါရိုက်တာ မောင်တင်ဦးနဲ့ မင်းသားကြီး ဇော်ဝမ်းတို့က ညီအစ်ကိုရင်းတွေဖြစ်ပြီး သရုပ်ဆောင် ညီညီဆွေကတော့ သူတို့နှစ်ဦးနဲ့ ယောက်ဖတော်စပ်ပါတယ်။ ဒါရိုက်တာ မောင်တင်ဦးဟာ သင်္ကြန်မိုး၊ တိုက်ပွဲခေါ်သံ၊ ပန်းမြိုင်လယ်က ဥယျာဥ်မှူး၊ နှလုံးလှလူမိုက် စတဲ့ နာမည်ကြီး ရုပ်ရှင်ကားများစွာကို ရိုက်ကူးခဲ့တဲ့ အကယ်ဒမီ ၅ ဆုရှင် ဝါရင့်ဒါရိုက်တာကြီး ဖြစ်ပြီး သရုပ်ဆောင်ဇော်ဝမ်းကလည်း သင်္ကြန်မင်းသားကြီး ဇော်ဝမ်းရယ်လို့ ယနေ့အချိန်အထိ နာမည်ကျော်သူဖြစ်ပါတယ်။

Photo- Htet Thiri

ဒီလိုအနုပညာမျိုးရိုးအခံ အားကောင်းလှတဲ့ ထက်သီရိက ကလေးသရုပ်ဆောင်အနေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း ကလေးပီပီ ပင်ပန်းမှုဒဏ်တွေကို မခံနိုင်တာကြောင့် သရုပ်ဆောင်အလုပ်ကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ 

"ငယ်ငယ်တုန်းက မွေးမွေးချင်း ၇ ပတ်ပဲ ရှိသေးတယ်။ ဘိုးဘိုးကြီးရဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့တယ်။ တစ်ဦးတည်းသောသားဆိုတဲ့ ကားမှာ၊ ပြီးတော့ MA MA Rangers Snack ၊လေဆာသွားတိုက်ဆေး၊ Feel သကြားလုံးကြော်ငြာတွေမှာသရုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါတွေရိုက်တုန်းက မီးက လူကိုတည့်တည့်ထိုးတော့ ကလေးဆိုတော့ ငိုတာ၊ အပူဒဏ်တွေ မခံနိုင်တော့ဘူး။ အဲ့ဒါကြောင့်မရိုက်တော့တာ၊ ဘိုးဘိုးကြီးတို့ ကလည်း အနုပညာအလုပ်လုပ်တာကို သဘောမတူဘူး။ လုံးဝမလုပ်ရဘူးလို့ တားမြစ်တယ်။ အခု အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်နေတာကိုမြင်ရင်တော့ သူတို့ လုပ်ခိုင်းရင် လုပ်ခိုင်းနေမှာ" လို့ ထက်သီရိက ပြောပါတယ်။ 


Photo- Htet Thiri

အဆိုတော်ထက်သီရိက သရုပ်ဆောင်အလုပ်ကိုရပ်နားခဲ့ပြီးတဲ့နောက် အသက်၁၈နှစ်မှာ အဆိုလောကထဲကို ဝင်ရောက်ခဲ့ကာ အခုချိန်မှာတော့ အဆိုတော် ထက်သီရိအဖြစ် အောင်မြင်မှုရရှိနေပြီဖြစ်ပြီး အခွင့်အရေးရရင် ဇာတ်ကားတစ်ကားလောက်တော့ ပါဝင်သရုပ်ဆောင်ချင်သေးတဲ့အကြောင်း ပြောပြလာပါတယ်။ 

"သရုပ်ဆောင်တော့ မလုပ်ချင်ပေမယ့်လည်း ဇာတ်ကားတစ်ကားတော့ ရိုက်ချင်တယ်။ ဘယ်လိုဇာတ်ကားမျိုးရယ်တော့ မဟုတ်ဘူး။ တစ်ကားလောက်တော့ ဘဝမှာအမှတ်တရအနေနဲ့ သရုပ်ဆောင်ချင်တယ်"ဆိုပြီး ထက်သီရိက သူမရဲ့ အိပ်မက်အ ကြောင်းကိုဖွင့်ဟလာပါတယ်။ 


Photo- Htet Thiri

ထက်သီရိက အဆိုတော်လေးဖြူရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ခရီးများအဆုံးထိ"ဆိုတဲ့ သီချင်းကို Cover ပြန်ဆိုရင်းနာမည်ကြီးလာသူဖြစ်ပြီး နောက်ပိုင်းမှာတော့ သူမရဲ့ချိုသာတဲ့အသံလေးကြောင့်ပဲ အဆိုလောကမှာအောင်မြင်လာသူလည်းဖြစ်ပါတယ်။ 

Photo- Htet Thiri

သူမရဲ့ ကိုယ်ပိုင်သီချင်းတွေဖြစ်တဲ့ ''ရှေ့ဆက်ရန်မရှိ" နဲ့ "အတိတ်"ဆိုတဲ့သီချင်းတွေကလည်းအောင်မြင်မှု ရရှိခဲ့အပြီးမှာ နောက်ထပ် Single Song တစ်ပုဒ်ကို ထွက်ရှိဖို့ကိုလည်း ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က