ရပ်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပဆိုင်ရာ ပရဟိတဆောင်ရွက်မှုတွေကြောင့် နာမည်ကောင်းနဲ့ကျော်ကြားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပဆိုင်ရာ ပရဟိတဆောင်ရွက်မှုတွေကြောင့် နာမည်ကောင်းနဲ့ကျော်ကြားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဗြိတိန်မှာရှိတဲ့ ကလေးငယ်တွေအတွက် ရပ်ရှ်ဖို့ဒ်က မားမားမတ်မတ်ရပ်တည်ပေးနေကျ ကစားသမားဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေပိတ်ထားရတဲ့ကာလအတွင်းမှာလည်း ကျောင်းနေအရွယ်ကလေးငယ်တွေအတွက် နေ့လယ်စာထောက်ပံ့ကျွေးမွေးတဲ့အစီအစဥ်ကို မပျက်မကွက် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သူပါ။


ဒီလိုမျိုးဆောင်ရွက်နိုင်ဖို့အတွက် ရပ်ရှ်ဖို့ဒ်က ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ထံကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကို ထောက်ခံသူများပြားခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း အလှူငွေလှူဒါန်းပြီး ဒီအစီအစဥ်ကို ဆက်လက်လည်ပတ်စေခဲ့ပါတယ်။


ယူရို- ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့အပြင် အင်္ဂလန်ရှုံးနိမ့်အပြီး နာရီပိုင်းအကြာမှာတင် ရပ်ရှ်ဖို့ဒ်ဟာ ကလေးငယ်တွေအတွက် စားစရာ၊ သောက်စရာတွေကို မျှဝေပေးခဲ့ပြီး ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေကိုလည်း ရွပ်ရွပ်ချွံချွံတိုက်ဖျက်နိုင်ဖို့ ကြိုးစားနေတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ဒီလိုလုပ်ရပ်တွေကြောင့် အခုလိုမျိုး သူ့ရဲ့ဆောင်ရွက်ချက်တွေကို စာသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။


AQA စာမေးပွဲဘုတ်အဖွဲ့က GCSE သင်တန်းအသစ်တွေမှာ ရပ်ရှ်ဖို့ဒ်ရဲ့ဆောင်ရွက်ချက်တွေကို သင်ရိုးညွှန်းတမ်းထဲထည့်သွင်းသင်ကြားသွားမှာဖြစ်ပြီး တန်းတူညီမျှမှု၊ မတူကွဲပြားခြားနားမှုတွေကို ဒီသင်တန်းမှာ ထည့်သွင်းသင်ကြားပေးသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လူမှုရေးပြဿနာတွေမြင့်တက်လာတဲ့အပေါ်မှာ ဖြေရှင်းနိုင်ဖို့အတွက် အခုလိုမျိုး ရပ်ရှ်ဖို့ဒ်ရဲ့ ဆောင်ရွက်ချက်တွေကို ထည့်သွင်းသင်ကြားပေးသွားဖို့ ရည်ရွယ်ထားတာပါ။

ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ပခုံးဒဏ်ရာခွဲစိတ်ခဲ့ပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ ရပ်ရှ်ဖို့ဒ်ကို အလျင်အမြန်နဲ့ ပြန်လည်အသုံးပြုသွားမှာမဟုတ်ဘဲ လာမယ့်အောက်တိုဘာရဲ့ နိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးမှသာ ရပ်ရှ်ဖို့ဒ်ကို ပြန်လည်အသုံးပြုသွားဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က