မတ်စ်ရဲ့ ဟာသတစ်ပုဒ်လား

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ဟာ တက္ကသိုလ်သစ်တစ်ခု ထောင်ဖို့ စဉ်းစားနေတယ်ဆိုပြီး Tweet တင်ခဲ့ပါတယ်။ 

Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က Twitter ပေါ်မှာ "တက္ကဆက်သိပ္ပံနဲ့နည်းပညာအင်စတီကျူ့ဒ်ဆိုပြီး တက္ကသိုလ်သစ် ဖွင့်မလားလို့ စဉ်းစားနေတယ်" ဆိုပြီး တင်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပွဲဆူအောင် ဖွနိုင်တဲ့ အီလွန်မတ်စ်ရဲ့ Tweet ကို ဟာသလုပ်တာဆိုပြီး ယူဆသူတွေလည်း ရှိပါတယ်။ 





Twitter user တစ်ဦးကတော့ တက္ကသိုလ်ထောင်ဖို့ ရံပုံငွေ မ,တည်ထားပြီလားလို့ မေးတဲ့အခါမှာ "ဒါပေါ့ဗျာ"ဆိုပြီး မတ်စ်က တုံ့ပြန်ထားပါတယ်။ သူရည်ရွယ်ထားတဲ့ တက္ကသိုလ်ဟာ တကယ့်ခမ်းနားတဲ့ ရောင်းကုန်တစ်ခုဖြစ်လာပြီး တလောကလုံးက အထင်ကြီးလေးစားရမယ်လို့လည်း ထပ် Tweet ထားပါတယ်။ New York Post ကတော့ တက္ကဆက်မှာ တက္ကသိုလ်ဖွင့်ချင်တယ်ဆိုတဲ့ မတ်စ်ရဲ့ Tweet ဟာ အတည်ပြောတာ ဟုတ်မဟုတ် မသိရသေးဘူးလို့ ဆိုပါတယ်။ 

မတ်စ်ဟာ အရင်ကလည်း Twitter ပေါ်မှာ အတည်ပေါက်နဲ့ နောက်တာတွေ လုပ်ဖူးပါတယ်။ Tesla က ထုတ်တဲ့ Models S,3,X နဲ့ Y ကားတွေကို ကုမ္ပဏီဝက်ဘ်ဆိုက်ပေါ်မှာ S.3.X.Y ဆိုပြီး အသံထွက်ဖို့ လုပ်မယ်ဆိုပြီး ပြောခဲ့တာတွေလည်း ရှိပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း Tesla ကို ရှယ်ယာတစ်စု ဒေါ်လာ ၄၂၀ နှုန်းနဲ့ private ကုမ္ပဏီပြောင်းရင်ကောင်းမလားဆိုပြီး Tweet တင်ခဲ့တာကြောင့် ရှယ်ယာဈေးတွေ ထိုးတက်သွားပြီး ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေးကော်မရှင် SEC က တရားစွဲတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ 

Texas Institute Of Technology & Science ဖွင့်မယ့်အကြောင်းကလည်း စဉ်းစားစရာပါ။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကပဲ Tesla မှာ အလုပ်ရဖို့ ဘွဲ့လက်မှတ်မလိုဘူးဆိုပြီး အီလွန်မတ်စ်ကိုယ်တိုင် Tweet ရေးတင်ခဲ့တာပါ။ Tesla ကားကုမ္ပဏီ ၊ SpaceX အာကာသလုပ်ငန်းနဲ့ Boring အခြေခံအဆောက်အဦနဲ့ ဥမင်တူးဖော်ရေးလုပ်ငန်းတွေကို တည်ထောင်ခဲ့တဲ့ ဒီဘီလျံနာဟာ ကမ္ဘာ့ပထမဆုံးဒေါ်လာဘီလျံ ၃၀၀ ကျော် ပိုင်ဆိုင်သူလည်း ဖြစ်လာပါတယ်။ 

Share

Loading Next Article...
က္က