အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ဘိုင်ယန်ကနေ လီဗာပူးလ်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပြီးဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ကွင်းလယ်လူသစ် စပိန်ကစားသမားသီယာဂိုက လီဗာပူးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းဖာနန်ဒိုတောရက်စ်က အသင်းမှာရှိနေတဲ့ "This is Anfield" ဆိုတဲ့ အမှတ်အသားကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဖို့ ပြောဆိုဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘာလို့တားမြစ်ထားရတာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ပြောပြခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ ဘိုင်ယန်ကနေ လီဗာပူးလ်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပြီးဖြစ်ပါတယ်။ သီယာဂိုဟာ အဆိုပါပွဲမှာပဲ ဘောလုံးပေးပို့မှု ၇၅ ကြိမ်အထိ အောင်မြင်ခဲ့ပြီး စံချိန်မှတ်တမ်းတစ်ခုရရှိခဲ့ကာ အစကောင်းခဲ့သူလည်းဖြစ်ပါတယ်။
"ဖာနန်ဒိုတောရက်စ်ဆီက ကျွန်တော်ကြားဖူးခဲ့တာရှိပါတယ်၊ ဒီသင်္ကေတကို ထိတွေ့ဖို့က ဆုဖလားတွေ ရယူနိုင်မှသာ ထိုက်တန်တယ်လို့ သူ ပြောခဲ့ဖူးပါတယ်၊ အဲဒါကြောင့် ဒီအမှတ်အသားကို ကျွန်တော်ကိုင်တွယ်တာမျိုးမလုပ်သေးပါဘူး၊ ဒီအစဉ်အလာကို ကျွန်တော်လေးစားမှုရှိပါတယ်" လို့ သီယာဂိုက ပြောဆိုခဲ့ပါတယ်။ နည်းပြယာဂင်ကလော့ပ်ကိုယ်တိုင်လည်း ၂၀၁၅ မှာ လီဗာပူးလ်ကိုရောက်ရှိခဲ့စဉ်က သီယာဂိုလိုပဲ လိုက်နာခဲ့သူဖြစ်ပါတယ်။
"ကျွန်တော့်ကစားသမားတွေကိုလည်း ပြောထားပါတယ်၊ ဒီ အမှတ်အသားကို ဘယ်လိုအောင်မြင်မှုမျိုးမှမရသေးခင်မှာ ထိတွေ့ခွင့်မပြုဘူးလို့ ပြောထားပြီးသားပါ၊ ဒါက လေးစားမှုအမှတ်သညာတစ်ခုပါပဲ" လို့ ကလော့ပ်က ပြောဆိုခဲ့ဖူးပါတယ်။ သီယာဂိုကလည်း အသင်းနဲ့မိတ်ဆက်မှုပြုလုပ်ခဲ့တဲ့ နေ့မှာပဲ သူ့ရဲ့တွစ်တာကတဆင့် ဓာတ်ပုံတင်ခဲ့ပြီး ဒီစိန်ခေါ်မှုကို လက်ခံတယ်လို့ ရေးသားခဲ့ကာ အောင်မြင်မှုရမှသာ ထိတွေ့ကိုင်တွယ်မယ်လို့ ဝန်ခံခဲ့ပါတယ်။