သီတင်းကျွတ်ပိတ်ရက်ကာလမှာ အပန်းဖြေခရီးအတွက် ကမ်းခြေကဟိုတယ်တွေမှာ ကြိုတင် ဘွတ်ကင်ယူထားတဲ့သူတွေ များတယ်လို့ သိရပါတယ်။
အပန်းဖြေခရီးသွားလိုသူတွေအတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကတစ်ဆင့်မဟုတ်ဘဲ အပြင်ကိုယ်စားလှယ် ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အပန်းဖြေခရီးတွေကိုလည်း စီစဉ်ပေးလျှက်ရှိပါတယ်။ကျန်းမာရေးကပ်ရောဂါနဲ့ အတူ နိုင်ငံရေးမတည်မငြိမ်မှုတွေကြား မွန်းကြပ်မှုတွေကြောင့်စိတ်အပန်းဖြေလိုတဲ့ ပြည်သူတွေအတွက် အခုလို စီစဉ်ပေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ လူတွေက ခရီးမသွားရတာလည်းကြာပြီ။ ကပ်ရောဂါကော၊ နိုင်ငံရေး အခြေအနေကြောင့်ကော အိမ်ထဲမှာပဲနေရတာကြာလာကြတော့ ခရီးထွက်ပြီးအပန်းဖြေချင်လာကြတယ်။ ခရီးထွက်တာကလည်း မွန်းကြပ်မှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်နေတာကို။ ဒီချိန်မှာ ဘုရားဖူးလို့ရမယ့်နေရာတွေထက် အပန်းဖြေလို့ကောင်းမယ့်နေရာတွေကို စီစဉ်ခိုင်းတာတွေများတယ်။ ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေပေါ့။ အစ်မတို့က ဟိုတယ်နဲ့ အသွားအပြန်ကားစီစဉ်ပေးတယ်။ အဖွဲ့အစည်းအလိုက်စီစဉ်ပေးတာရှိသလို တစ်ဦးချင်းအလိုက်ကို လူစုပြီးသွားတဲ့ ခရီးစဉ်မျိုးတွေလည်း စီစဉ်ပေးတယ်”လို့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။
လက်ရှိ ကမ်းခြေဟိုတယ်တွေမှာလည်း အခန်းကြိုတင်ယူထားမှုတွေ များပြားပြီး မနှစ်ကထက်စာရင် ခရီးသွားဝင်ရောက်မှုများပြားလာတယ်လို့သိပါတယ်။
“ ဒီနှစ်ကတော့ ခရီးသွားဝင်ရောက်မှုများတယ်ပြောရမယ်။ အခန်းပြည့်တဲ့အဆင့်ထိတော့ မဟုတ်ပေမယ့် အခန်းကြိုတင်ယူထားတဲ့သူတွေတော့ရှိတာပေါ့။ မနှစ်ကတော့ တစ်နှစ်လုံးကိုဗစ်ကြောင့် ခရီးသွားလာခွင့်တွေပိတ်တော့ ဟိုတယ်တွေလည်းအလုပ်မဖြစ်ဘူးလေ။ ပိတ်ထားရတဲ့အဆင့်ထိပဲ။ ပုံမှန်အခြေအနေမျိုးဆို ဒီလိုကာလက ခရီးသွားရာသီလည်းဖြစ်တော့ အခန်းအားလုံးပြည့်တဲ့အထိခရီးသွားတွေလာကြတယ်”လို့ ငွေဆောင်ကမ်းခြေဟိုတယ်တစ်ခုမှ တာဝန်ခံတစ်ဦးကပြောပါတယ်။
လာမယ့် သတင်းကျွတ်ပိတ်ရက်အတွက် ကမ်းခြေရှိ ဟိုတယ်တွေအနေနဲ့ကလည်း promotionကာလအနေနဲ့ စျေးချနေတာတွေရှိတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာချင်စိတ်တွေရှိကြတယ်လို့ လည်းသိရပါတယ်။
“အခုချိန် ဟိုတယ်တွေကလည်း စျေးချထားတော့ ပုံမှန်ထက်လည်း အကုန်အကျသက်သာတယ်။ အခု အစ်မဆောင်ရွက်ပေးထားတဲ့ခရီးစဉ်တွေက သီတင်းကျွတ်မှာ ကမ်းခြေသွားမယ့်ခရီးစဉ်တွေများတယ်။ ငွေဆောင်မှာ အပန်းဖြေဖို့ကုမ္ပဏီဝန်ထမ်းတွေအတွက် သူဌေးကစီစဉ်ပေးတဲ့ခရီးစဉ်တွေလည်းရှိပါတယ်။ စျေးနှုန်းတွေကတော့ ကိုယ်တည်းမယ့်ဟိုတယ်ပေါ်မူတည်သလို လူဦးရေ အနည်းအများပေါ်မူတည်ပြီး ပြောင်းလဲတာလဲရှိပါတယ်။ ကားတွေကတော့ အန်စာတုံးကားတွေ၊ Express ကားတွေနဲ့ စီစဉ်ပေးထားပါတယ်”လို့ ခရီးသွားကိုယ်စားလှယ်က ပြောပါတယ်။
သီတင်းကျွတ်ကာလဟာ ခရီးသွားရာသီရဲ့ အကောင်းဆုံးကာလဖြစ်ပြီး ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ နေရာအနှံ့အပြားမှာ ခရီးသွားပြည်သူတွေနဲ့ စည်ကားခဲ့တာပါ။ ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် တစ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကိုလည်း လာမယ့် ပွင့်လင်းရာသီမှာ ပြန်လည်စတင်နိုင်ဖို့ကုမ္ပဏီတချို့အနေနဲ့ ပြင်ဆင်နေတယ်လို့လည်း ခရီးသွားကုမ္ပဏီတွေကနေတစ်ဆင့် သိရပါတယ်။